【 အလှအပနှင့် ကျန်းမာရေး 】 သွေးတွင်း သကြားဓာတ်ကျခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 သွေးတွင်း သကြားဓာတ်ကျခြင်း

ပုံမှန်ရှိရမယ့် သွေးတွင်း သကြားဓာတ်ပမာဏအောက်လျော့နည်းခြင်းကို သွေးတွင်း သကြားဓာတ်ကျတယ်လို့ခေါ် ပြီး ဆီးချိုရောဂါရှိသူတွေမှာ အဓိက‌အဖြစ်များပါတယ်။
 
သွေးတွင်း သကြားဓာတ်ပမာဏ ၇၀ mg/dL အောက် လျော့နည်းခြင်းကို သွေးတွင်း သကြားဓာတ် လျော့နည်းတယ်လို့ သတ်မှတ်ပါတယ်။
 
သွေးတွင်း သကြားဓာတ်ကျခြင်းဟာ အချိန်မီကုသမှုမခံယူဘူးဆိုရင်တော့ အသက် အန္တရာယ်ပါ ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ဒါကြောင့် သွေးတွင်း သကြားဓာတ်ကျရင် ခံစားရမယ့် လက္ခဏာတွေကိုသိထားပြီး အချိန်မီကုသမှုခံယူဖို့ လိုပါတယ်။
 
သွေးတွင်း သကြားဓာတ်ကျရင် ခံစားရမယ့် လက္ခဏာတွေကတော့ -
 
          - ချွေးစေးများထွက်ခြင်း
          - ရင်တုန်ခြင်း
          - ခေါင်းမူးခြင်း
          - ခြေ၊ လက်များတုန်ခြင်း
          - ဗိုက်ထဲတွင် ဟာတာတာဖြစ်၍ ဗိုက်ဆာခြင်း
          - ပင်ပန်းနွမ်းနယ်ခြင်း
          - ပါးစပ်များ ထုံကျဉ်ခြင်း
          - အာရုံမစူးစိုက်နိုင်ခြင်း
          - အားအင်ချိနဲ့ခြင်း
          - အသားအရောင်ဖြူလျော့ခြင်း
          - မျက်စိအမြင်အာရုံဝေဝါးခြင်း
          - တက်ခြင်း ...
 
စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။သွေးတွင်း သကြားဓာတ်ကျပါက အချိန်မီကုသမှုခံယူဖို့လိုပါတယ်။
 
သွေးတွင်း သကြားဓာတ်ကျခြင်းကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ - 
 
          - နှလုံးခုန်နှုန်းမမှန်ခြင်း
          - နှလုံးရပ်ခြင်း
          - သတိလစ်ခြင်း .... 
 
စတဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
 
ဘာ‌ကြောင့် သကြားဓာတ်ကျခြင်းဖြစ်ရပါသလဲ ?
 
- အင်ဆူလင်ထိုးဆေး အသုံးပြုနေရသူများတွင် အင်ဆူလင်ပမာဏများခြင်း
- အင်ဆူ‌လင်ဆေးထိုးပြီးနောက် အစာမစားခြင်း
- အင်ဆူလင်ဆေးထိုးနည်းလမ်းမမှန်ခြင်း
- ဆီးချိုကျဆေးများကို အလွန်အကျွံသုံးစွဲခြင်း
- ဆီးချိုကျဆေးသောက်ပြီးနောက် အစာမစားခြင်း
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုထက် ပို၍အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- အစာအလွန်အမင်လျှော့စားခြင်း
- အသည်းမကောင်းခြင်း
- ကျောက်ကပ်အားနည်းခြင်း
- ပန်ကရိယတွင် အင်ဆူလင်ဟော်မုန်းအလွန်အကျွံထုတ်သော အကျိတ်ဖြစ်ခြင်း
- သွေးတွင်း သကြားဓာတ် ထိန်းညှိ‌ပေးသော ဟော်မုန်းထုတ်လွှတ်မှု လျော့နည်းခြင်း 
 
စတဲ့ အချက်တွေကြောင့် သွေးတွင်း သကြား‌ဓာတ် လျော့နည်းစေနိုင်ပါတယ်။
 
သွေးတွင်း သကြားဓာတ်ကျခြင်း ခံစားရပါက ဘယ်လိုလုပ်‌ဆောင်သင့်ပါသလဲ ?
 
သွေးတွင်း သကြားဓာတ်ကျတဲ့ လက္ခဏာ‌တွေ ခံစားရတဲ့အခါ
 
- သွေးတွင်း သကြားဓာတ်ကို စစ်ဆေးပါ။
- သွေးတွင်း သကြားဓာတ် လျော့နည်းနေပါကချိုသော အစားအစာများ စားသောက်ပါ။ဥပမာ - သကြားလုံးစားခြင်း၊ အချိုရည်သောက်ခြင်းပြုလုပ်နိုင်ပါတယ်။
- သွေးတွင်း သကြားဓာတ်ကို ၁၅ မိနစ်ခန့်အကြာတွင် ပြန်လည်တိုင်းတာပါ။
- သကြားဓာတ်လျော့နည်းနေပါက အချိုထပ်မံစားသုံးပါ။
- သွေးတွင်း သကြားဓာတ်ကျခြင်းကြောင့် တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အရေးပေါ်လက္ခဏာတွေ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ။
 
ဆီးချိုရောဂါရှိသူတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကတော့ - 
 
          - အင်ဆူလင်ထိုးဆေးမထိုးမီ သကြားဓာတ်ပမာဏကို စစ်ဆေးပါ။
          - သကြားဓာတ်ပမာဏအလိုက် ဆရာဝန်ညွှန်ကြားထားသော အင်ဆူလင်ပမာဏအတိုင်း ဆေးထိုးပါ။
          - သကြားဓာတ်ပမာဏ လျော့နည်းနေပါက ဆေးမထိုးပါနှင့်။
          - ဆရာဝန်ညွှန်ကြားချက်အတိုင်း အင်ဆူလင်ဆေးထိုးပြီး (သို့) သွေးချိုကျဆေးသောက်ပြီးနောက် အစာစားပါ။
          - အင်ဆူလင်ဆေးကို နည်းလမ်းမှန်မှန်ထိုးတတ်အောင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှသင်ယူပါ။
          - အင်ဆူလင်ကို ခန္ဓာကိုယ် နေရာတစ်ခုထဲထိုးခြင်း မပြုလုပ်ပါနှင့်။ဆေးထိုးသည့်နေရာကို အမြဲပြောင်းလဲပေးရန်လိုပါတယ်။ (ဥပမာ - ဘယ်၊ ညာ လက်မောင်း၊ ဘယ်၊ ညာ ပေါင်၊ ဝမ်းဗိုက်) စသဖြင့် နေရာပြောင်းလဲထိုးရန်လိုပါတယ်။
          - သွေးတွင်း သကြားဓာတ်ကျခြင်း ခံစားရပါက ဆရာဝန်နဲ့ ပြန်လည်ပြသရန်လိုပါတယ်။
 
Dr.Phyu
Photo Credit - The Katy News