
【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးသွေးကြော Stent ထည့် ကုသခြင်း (Percutaneous Coronary Intervention)
PCI လို့ အတိုကောက်ခေါ်ကြတဲ့ နှလုံးသွေးကြော stent ထည့် ကုသခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်၊ နှလုံးကြွက်သားပုပ်ခြင်း စတဲ့ အခြေအနေတွေမှာ ကျဉ်းနေ၊ ပိတ်နေတဲ့ သွေးကြောနေရာကို ပူဖောင်းပုံစံ balloon catheter stent ထည့်လိုက်ပြီး ပိတ်နေတဲ့ သွေးကြောကနေ သွေးပုံမှန်ပြန်စီးဆင်းအောင် ပြုလုပ်ပေးတဲ့ ကုသမှုဖြစ်ပါတယ်။
ဘယ်လိုသူတွေမှာ နှလုံးသွေးကြော stent ထည့် ကုသခြင်းမျိုး ပြုလုပ်နိုင်ပါသလဲ ?
- နှလုံးသွေးကြောကျဉ်းရောဂါရှိသူများတွင် ဆေးဝါးကုသမှုနှင့် ရောဂါအခြေအနေ မသက်သာသူများ
- ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်းကြောင့် အရေးပေါ်ကုသမှု လိုအပ်သူများ - စတဲ့ သူတွေမှာ နှလုံးသွေးကြော stent ထည့် ကုသမှု ခံယူနိုင်ပါတယ်။
- PCI လို့ခေါ်တဲ့ နှလုံးသွေးကြော stent ထည့် ကုသခြင်းဟာ နှလုံးသွေးကြော လမ်းကြောင်းလွှဲ CABG ကုသမှုထက် ကုန်ကျစရိတ်သက်သာပြီး ခွဲစိတ်ချိန်လည်း တိုတောင်းသလို၊ stent ထည့်ပြီးနောက်မှာ ဆေးရုံတက်ရတဲ့ရက်လည်း နည်းပါတယ်။
- ဒါပေမဲ့ နှလုံးသွေးကြော ကျဉ်း/ပိတ်တဲ့သူတိုင်း stent ထည့်တဲ့ ကုသမှု ပြုလုပ်နိုင်တာ မဟုတ်ပါဘူး။
- လူနာရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး နှလုံးသွေးကြောလမ်းကြောင်း ခွဲစိတ်မှုပြုလုပ်သင့်တဲ့ အခြေအနေမျိုးလည်းရှိပါတယ်။
ဥပမာ -
- နှလုံးသွေးကြော ၃ ချောင်းနှင့်အထက် ပိတ်သူများ (Triple Vessels Disease )
- နှလုံးဘယ်ဘက်ခြမ်း ရှိသွေးလွှတ်ကြော ၅၀% နှင့်အထက် ပိတ်သူများ
- နှလုံး အဓိကသွေးကြော အကြီး ၂ ချောင်း ပိတ်သူများ
- နှလုံးသွေးလွှတ်ကြော ၁ ချောင်းတည်း
၇၀% နှင့်အထက် ပိတ်ပြီး၊ နှလုံးသွေးကြောကျဉ်းလက္ခဏာ ပြင်းထန်ခြင်း၊နှလုံးခုန်နှုန်းမမှန်ခြင်း စတဲ့ အခြေအနေတွေမှာ CABG လို့ခေါ်တဲ့ နှလုံးသွေးကြော လမ်းကြောင်းလွှဲ ကုသမှုကို ပြုလုပ်ရမှာဖြစ်ပါတယ်။
နှလုံးသွေးကြော stent ထည့်ပြီးနောက် ဘယ်လိုနောက်ဆက်တွဲအခြေအနေတွေ ကြုံတွေ့နိုင်သလဲ ?
အချို့သောသူတွေမှာ
- Stent ထည့်ပြီးနောက် သွေးကြောပြန်ကျဉ်းခြင်း ဖြစ်နိုင်ပါတယ်။
- Stent နေရာတွင် သွေးခဲပိတ်ခြင်း (Stent ထည့်ပြီးနောက်မှာ သွေးမခဲစေဖို့ aspirin နှင့် clopidogrel ကဲ့သို့သော ဆေးများ သောက်သုံးဖို့ လိုပါတယ်)
- Stent ထည့်ထားသော နေရာမှ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း
- လေဖြတ်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
စတဲ့ နောက်ဆက်တွဲအခြေအနေတွေ ကြုံတွေ့နိုင်ပါတယ်။နှလုံးသွေးကြော stent ထည့်ပြီးနောက် လိုက်နာသင့်တဲ့ အချက်တွေကတော့ -
- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။
- ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပါ။
- ဆရာဝန်နှင့် ပုံမှန်ပြသပြီး မိမိရဲ့နှလုံးအခြေအနေကို ပုံမှန်စစ်ဆေးပါ။
- အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။
- အာဟာရပြည့်ဝအောင် စားသုံးပါ။
- ဆီးချို၊ သွေးတိုး စတဲ့ ရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ သွေးတွင်းသကြားဓါတ်၊
သွေးပေါင်ချိန် စတာတွေကို အမြဲစစ်ဆေးပြီး ပုံမှန်ပမာဏအတွင်း
ထိန်းသိမ်းထားဖို့ လိုပါတယ်။
- ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။
- ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း၊ သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူပါ။
Dr.Phyu
Photo Credit - Golden Shutter Films