
【 အလှအပနှင့် ကျန်းမာရေး 】 ဆီးချိုနှင့် ခြေလက်ထုံကျဉ်ခြင်း
ဆီးချိုရောဂါရှိသူအများစုမှာ သွေးတွင်း သကြားဓာတ်များခြင်းကြောင့် ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။
အဓိကအားဖြင့် လက်နဲ့ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်ခြင်းကြောင့် ဆီးချိုရောဂါရှိသူတွေမှာ ခြေလက်ထုံကျဉ်ခြင်း ခံစားရတာဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူတွေမှာ ခြေ၊ လက် ထုံကျဉ်မှု ခံစားရတဲ့ အကြောင်းအရင်းတွေကတော့ ...
- သွေးတွင်း သကြားဓာတ်ပမာဏကို ပုံမှန်အတွင်း မထိန်းနိုင်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ဆီးချိုရောဂါဖြစ်သော သက်တမ်းကြာခြင်း
- ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ခြင်း
- ဗီတာမင် B12 ချို့တဲ့ခြင်း (အထူးသဖြင့် ဆီးချိုဆေးMetformin (မက်ဖော်မင်) သောက်သုံးနေသူများ
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း စတဲ့ အချက်တွေကြောင့် ခြေလက်ထုံကျဉ်ခြင်း ခံစားရနိုင်ပါတယ်။
ဆီးချိုပမာဏကို မထိန်းနိုင်ပါက
- ခြေ၊လက်များ ထုံကျဉ်ခြင်း
- ခြေလက်များ ပူစပ်စပ် ခံစားရခြင်း
- အာရုံကြောခံစားမှု နည်းလာသောကြောင့် ခြေထောက်တွင် အနာဖြစ်လွယ်ခြင်း
- ခြေထောက်ကြွက်သားများ အားနည်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဆီးချိုကြောင့် ခြေလက်ထုံကျဉ်ခြင်းဟာ စိတ်အနှောင့်အယှက်ပေးတဲ့ လက္ခဏာဖြစ်သလို သေချာမကုသဘူးဆိုရင်တော့ ခြေထောက်မှာ အနာဖြစ်လွယ်ပြီး အနာမကျက်ခြင်းကြောင့် ခြေထောက်ဖြတ်တောက်ခံရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ခံစားရနိုင်ပါတယ်။
ဒါကြောင့် လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုပါတယ်။
၁ - ဆီးချိုပမာဏကို ပုံမှန်အတွင်း ထိန်းသိမ်းပါ။ (- မနက်ခင်း အစာမစားခင် သွေးတွင်း သကြားဓာတ် ၈၀-၁၂၀ mg/dl ကြား၊ - အစာစားပြီးချိန် သွေးတွင်း သကြားဓာတ်ဟာ ၁၂၀-၁၈၀ mg/dl အတွင်း၊- HbA1c - ၇% အောက်မှာ ထိန်းသိမ်းထားဖို့ လိုပါတယ်။)
၂ - ဆီးချိုရောဂါရှိသူတွေအနေနဲ့ မိမိခြေထောက်ကို ဒဏ်ရာရှိ၊ မရှိ နေ့စဉ်ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။
၃ - မိမိရဲ့ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။
၄ - သက်သောင့်သက်သာဖြစ်စေမယ့် မိမိရဲ့ခြေထောက်နဲ့ ကိုက်ညီမယ့် ဖိနပ်ကိုဝတ်ဆင်ဖို့ လိုပါတယ်။
၅ - ဗီတာမင် B12 သောက်သုံးဖို့ လိုပါတယ်။ (အထူးသဖြင့် ဆီးချိုဆေး Metformin (မက်ဖော်မင်) သောက်သုံးနေသူများ။)
၆ - ဆီးချိုကြောင့် ခြေထောက်ထုံကျဉ်ခြင်း ခံစားရတဲ့အခါ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာစွာကုသမှုခံယူပါ။
၇ - ခြေထောက်တွင် အနာဖြစ်မှန်း သိပြီဆိုတာနဲ့တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသဖို့ လိုပါတယ်။
Dr.Phyu
Photo Credit - freepik