【 အလှအပနှင့်ကျန်းမာရေး 】“ သွေးလွန်တုပ်ကွေးရောဂါ”
မိုးရာသီရောက်ပြီဆိုတာနဲ့ ကလေးတွေကိုအဓိကဒုက္ခပေးတဲ့သွေးလွန်တုပ်ကွေးရောဂါကြီးက မိဘတွေကိုခြိမ်းခြောက်လျက်ရှိနေဆဲပါ။
သွေးလွန်တုပ်ကွေးဖြစ် စေတဲ့ဗိုင်းရပ်ကိုသယ်ဆောင်တဲ့ ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်တယ် ဆိုတာ လူတော်တော်များများသိထားကြပြီးဖြစ်ပါတယ်။
ခြင်ကျားဟာ ရေသေမှာပေါက်ဖွားတာဖြစ်လို့ ခြင်မပေါက်ဖွားအောင် ပန်းအိုးတွေကို နေ့စဉ်လဲလှယ်မယ်၊ ရေစည်တွေကို ပိုးလောက်လန်းမပေါက်အောင် အဖုံးဖုံးမယ်၊ရေအိုင်နေတဲ့ နေရာတွေထဲက ရေကိုသွန် မယ်၊ရေဝပ်နိုင်တဲ့အိုးခြမ်းပဲ့တွေကို မြေကြီးထဲမှာမြှုပ်မယ် ၊အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်မယ်၊ ခြင်ထောင်ထောင်အိပ်မယ်၊ ခြင်ဆေးဖျန်းမယ် စသဖြင့် မိဘတွေဟာမိမိကလေးကျန်းမာရေး အတွက်အမျိုးမျိုး ပြင်ဆင်ကြပါတယ်။
ဒီလို ပြင်ဆင်ထားပေမယ့်လည်း အန္တရာယ်ဆိုတဲ့သွေးလွန်တုပ်ကွေးရောဂါကြီးက မဖိတ်ခေါ်ပဲရောက်လာနိုင်ပြီး အချို့ ကလေးငယ်လေးတွေကို အသက်ဆုံးရှုံးရသည်အထိဒုက္ခပေးခြိမ်းခြောက်နေဆဲပါ။
ဒါကြောင့်သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေကဘာလဲ၊ဖြစ်လာရင်ဘယ်လိုပြင်ဆင်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးလိုပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါ (#Dengue_Fever)ရဲ့ ပထမအဆင့်လက္ခဏာတွေကတော့
၁- အဖျားအရမ်းကြီးမယ်၊ကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် အထိတက်ခြင်း
၂- ခေါင်းကိုက်ခြင်း၊ကြွက်သားများနာကျင်ခြင်း
၃- ပျို့အန်ခြင်း
၄-အနီပြင်များထွက်ခြင်း
၅-ဗိုက်အောင့်ခြင်း၊ အန်ခြင်း စတဲ့
လက္ခဏာတွေက သာမန်တုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကြောင့်ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်ခြင်း (#Dengue_Haemorrhagic_fever) ကတော့ စဖျားတာကနေ ၅ ရက် ကနေ ၇ ရက်အတွင်း မှာလက္ခဏာတွေပြလေ့ရှိပါတယ်။
- ကလေးကအဖျားကျသွားပြီး လန်းမလာပဲ၊နုံးနေသေးတဲ့ပုံစံမျိုးဆိုရင်စိုးရိမ်ရပါတယ်။
- ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်ခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမဲရောင်သွားခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ခန္ဓာကိုယ်မှာအနီအစက်များထွက်ခြင်း၊ သွေး ခြေဥခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရဲ့သွေးလန့်ခြင်း (#Dengue_Shock_Syndrome)ရဲ့လက္ခဏာ တွေကတော့
- ကလေးဂနာမငြိမ်ခြင်း၊
- လက်ဖျား ခြေဖျားအေးခြင်း
- သွေးပေါင်ကျခြင်း
- အသက်ရှူမမှန်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုကုသမှုခံယူကြမလဲ?
-သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၊ကျန်းမာရေးဌာနမှာ ကုသမှုခံယူပါ။
- ရောဂါအခြေအနေပေါ်မူတည်ပြီးလိုအပ်ပါက သွေးသွင်းကုသခြင်း ရှိနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ အချို့လူတွေမှာ သာမန်အဆင့်ပဲခံစားရပြီး အချို့လူတွေမှာတော့ အသက် အန္တရာယ် ထိခိုက်နိုင်တာဖြစ်လို့ သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေကို စောလျင်စွာသိရှိပြီး အချိန်မီကုသမှုခံယူခြင်းဖြင့် မိမိရဲ့ ရင်သွေးရတနာလေးတွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
Dr.Phyu
Photo crd- Africa CDC