【 အလှအပနှင့်ကျန်းမာရေး 】“ ဝမ်းပျက်ဝမ်းလျှောရောဂါ ”

【 အလှအပနှင့်ကျန်းမာရေး 】“ ဝမ်းပျက်ဝမ်းလျှောရောဂါ ”

ဒီတလော မိုးတွေရွာလာပြီဆိုတော့ မိုးရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဝမ်းလျှောတယ်လို့ ဘယ်လိုအခါမှာသတ်မှတ်မလဲ?

တစ်နေ့ကို ပုံမှန်သွားနေကြဝမ်းမဟုတ်ပဲဝမ်းအရည်တွေသွားတာမျိုး ၃ ကြိမ်နဲ့အထက်ဖြစ်ပြီဆိုရင်တော့ ဝမ်းလျှောတယ်လို့သတ်မှတ်ပါတယ်။

ဘာကြောင့်ဝမ်း‌လျှောတာလဲ?

  • ဘက်တီးရီးပိုး၊ဗိုင်းရပ်စ် ပိုးများ
  • ပိုးသတ်ဆေးနှင့် အခြားသောဆေးများ
  • Lactose နဲ့မတည့်တဲ့သူတွေမှာတော့ နို့ နှင့် နို့ထွက်ပစ္စည်းများစားသုံးပြီးချိန်မှာဝမ်းလျှောခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်း၊သည်း‌ ခြေ အိတ်ခွဲစိတ်ထားသူများတွင်ဝမ်းလျှောခြင်း
  • ကိုယ်ခံအားစနစ် ကြောင့်ဖြစ်တဲ့နာတာရှည်ဝမ်းလျှောခြင်း

စတဲ့ဝမ်းလျှောရတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်

ဝမ်းလျှောခြင်းကြောင့်ရေဓါတ်ခမ်းခြောက်တဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ရေဓါတ်ခမ်း ခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့

၁- ရေအလွန်အမင်းငတ်ခြင်း

၂- နှုတ်ခမ်း နှင့် အရေပြားခြောက်ခြင်း

၃- ဆီးသွားနည်းခြင်း၊ဆီးအရောင်ရင့်ခြင်း

၄- ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းမူးခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကလေးငယ်တွေမှာခံစားရနိုင်တဲ့ရေဓါတ်ခမ်းခြောက်ခြင်းလက္ခဏာတွေကတော့

၁- ဆီးနည်းသွားခြင်းလက္ခဏာဖြစ်တဲ့ ကလေးအနှီးကို ၃-၄ နာရီ ကျော်သည်အထိ လဲစရာမလိုခြင်း

၂- နှုတ်ခမ်းနှင့်လျှာများခြောက်ခြင်း

၃- အဖျားကြီးခြင်း ၁၀၂ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီ စင်တီဂရိတ်)နှင့် အထက်ထိကိုယ်အပူချိန်တက်ခြင်း

၄- ကလေးငိုချိန်တွင် မျက်ရည်မထွက်ခြင်း

၅- ကလေးမှိန်းနေခြင်း သို့မဟုတ် ကလေးဂနာမငြိမ်ခြင်း၊အငိုမတိတ်ခြင်း

၆- မျက်လုံးတစ်ဝိုက်‌ ရေဓါတ်ခမ်းခြောက်ခြင်း‌ကြောင့် မျက်တွင်းချိုင့်နေခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကိုအိမ်မှာဘယ်လိုကုသရမလဲ?

၁- ဓါတ်ဆားရည်များများသောက်ပါ၊ ဟင်းရည်၊ကြက်ပေါင်းရည်၊သောက်သုံးနိုင်ပါတယ်။

၂- ကေဖင်းဓါတ်ပါသော ကော်ဖီ၊လက်ဖက်ရည် နှင့် အရက်သောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။

၃- နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။

၄- Probiotics လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက်အကျိုးပြု ဘက်တီးရီးယား တွေပါဝင်တဲ့ဆေးကိုသောက်သုံးနိုင်ပါတယ်။

၅- ဝမ်းပိတ်ဆေး ‌ကိုလူကြီးတွေမှာ

ပုံမှန်ဝမ်းလျှောခြင်းမျိုးမှာ သောက်နိုင်ပေမယ့် ကလေးသူငယ်တွေ ဝမ်းလျှောခဲ့ရင်တော့ ဝမ်းပိတ်ဆေးသောက်ဖို့မသင့်တော်ပါဘူး။

ဘယ်လိုအချိန်မှာ ဆေးရုံ၊ဆေးခန်းကိုသွားဖို့လိုမလဲ?

အောက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို သွားဖို့လိုအပ်ပါတယ်။

၁-  ၂ ရက်ကျော်သည်အထိ ဆက်တိုက်ဝမ်းလျှောနေခြင်း

၂- ရေဓါတ်ခမ်းခြောက်သောလက္ခဏာများခံစားရခြင်း

၃- ဗိုက်အလွန်အမင်းအောင့်ခြင်း

၄- ဝမ်းထဲ‌တွင်သွေးပါခြင်း၊ ဝမ်းမဲမဲများသွားခြင်း

၅- ကိုယ်အပူချိန် (၁၀၂ ဒီဂရီ ဖာရင်ဟိုက်)၊ ၃၉ ဒီဂရီ စင်တီဂရိတ်အထက်များခြင်း

၆- ကလေးငယ်လေးတွေမှာတော့ ဝမ်းလျှောတဲ့အခါလူကြီးတွေ ထက်ခံနိုင်ရည်နည်းတာဖြစ်လို့ ဆေးရုံ၊ဆေးခန်းကို သွားဖို့လိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အဓိကအကြောင်းရင်းကတော့ အစားအစာ၊ရေမသန့်ရှင်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်ယခုလိုမိုးရာသီ မှာရေမသန့်တာ၊ယင်နားအစားအစာတွေ

စားမိတာကြောင့် ပိုအဖြစ်များပါတယ်။

ဒါကြောင့်

၁- အစားမစားခင်၊ အပြင်ကပြန်လာပြီးချိန်၊

အိမ်သာကအပြန်၊စတဲ့အချိန်တွေမှာ လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးကြောပါ။

၂- အမှည့်လွန်အသီးများ၊ ယင်နားစာများစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

၃- ရေကိုကျိုချက်၍ သောက်ပါ။

၄- အစားအစာများကို သန့်ရှင်းစွာဆေးကြောပြီး၊ ကျက်အောင်ချက်ပြီး စားသောက်ပါ။

၅- အစားအစာများကို ယင်မအုံစေရန် သေချာစွာဖုံးအုပ်ပါ။

စတဲ့အချက်လေးတွေကိုလိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

 

Dr.Phyu

Photo crd - The Sun