【 အလှအပနှင့်ကျန်းမာရေး 】အဆုတ်တီဘီရောဂါ

【 အလှအပနှင့်ကျန်းမာရေး 】အဆုတ်တီဘီရောဂါ

အဆုတ်တီဘီရောဂါဟာ အဆုတ်ကို ဆိုးဝါးစွာပျက်စီးစေနိုင်တဲ့ရောဂါဖြစ်ပါတယ်။
အဆုတ်တီဘီရောဂါဟာ လူတစ်ဦးနဲ့တစ်ဦး ချောင်းဆိုး၊ နှာချေခြင်းကနေထွက်လာတဲ့ အမှုန်များကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။
 
အဆုတ်တီဘီရောဂါရဲ့ လက္ခဏာတွေကတော့
 
၁- ရက်သတ္တပတ် ၃ ပတ်ကျော် သည်အထိချောင်းဆိုးခြင်း
၂- ချောင်းဆိုးလျှင်သွေးပါခြင်း
၃- ညဖက်တွင် ချွေးစေးများထွက်ခြင်း
၄- ညဖက်တွင် ကိုယ်အပူချိန်တက်ခြင်း
၅- ကိုယ်အလေးချိန်ကျဆင်းခြင်း
၆- မောခြင်း၊ရင်ဘတ်အောင့်ခြင်း
၇- ပင်ပန်းနွမ်းနယ်ခြင်း 
၈- အစားအသောက်ပျက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
 
တီဘီရောဂါဖြစ်နိုင်ချေများတဲ့သူတွေကတော့
 
၁- ခုခံအားကျ HIV/AIDS ရောဂါရှိသူများ
၂- ဆီးချိုရောဂါရှိသူများ
၃- ကင်ဆာရောဂါခံစားနေရသူများ၊ ကင်ဆာရောဂါကုသမှုခံယူနေသူများ
၄- ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူထားသူများ
၅- ကိုယ်ခံအားကျစေသောဆေးဝါးများသုံးစွဲနေရသူများ
၆- အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ
၇- အာဟာရမပြည့်ဝသူများ စတဲ့ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရောဂါကူးစက်မှုခံရနိုင်ချေပိုများပါတယ်။
 
အဆုတ်တီဘီရောဂါကူးစက်မှုမခံရအောင်၊‌ ရောဂါမပျံ့ပွားအောင်ဘယ်လိုကာကွယ်ကြမလဲ?
 
၁- အပြင်သို့သွားတိုင်းမျက်နှာနှာခေါင်းစည်း( mask )ကို ဝတ်ဆင်ပါ။
၂- အာဟာရပြည့်ဝအောင်စားပါ။
၃- လေဝင်လေထွက်ကောင်းသောနေရာတွင်နေထိုင်ပါ။
၄- နှာချေ၊ချောင်းဆိုးသည့် အခါတိုင်း နှာခေါင်းနှင့်ပါးစပ်ကိုလုံခြုံစွာဖုံးအုပ်ပါ။
၅-တီဘီရောဂါရှိသူတွေရဲ့အတူနေမိသားစုဝင်တွေအနေနဲ့ နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းဖြင့် ရောဂါကူးစက်မှုကာကွယ်နိုင်ပါတယ်။
 
မိမိမှာတီဘီရောဂါခံစားနေရတယ်လို့ သံသယ ရှိပါက နီးစပ်ရာ ဆေးခန်း၊ဆေးရုံ၊ ကိုသွားရောက်စစ်ဆေးသင့်ပါတယ်။
 
တီဘီရောဂါရှိမရှိသိနိုင်ဖို့အတွက်
 
- သလိပ်စစ်ဆေးခြင်း
- ဓါတ်မှန်ရိုက်ခြင်း 
- သွေးစစ်ဆေးခြင်း များပြုလုပ်၍ ရောဂါရှိမရှိသိရှိနိုင်ပါတယ်။
 
အဆုတ်တီဘီရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?
 
အဆုတ်တီဘီရောဂါကို ရောဂါ အခြေအနေပေါ်မူတည်၍ သောက်ဆေး ထိုးဆေးများနဲ့ အနည်းဆုံး ၆လ မှ ၉လ ခန့်ကုသမှုခံယူဖို့လိုပါတယ်။
တီဘီဆေးကို အချိန်မှန်မှန်သောက်သုံးဖို့လဲလိုပါတယ်။
ဆေးကုသမှု ရက်ပြည့်ပြီးနောက်မှာလဲ ရောဂါပျောက်ကင်းမှုရှိမရှိ သလိပ်စစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းများပြုလုပ် ရပါမယ်။
အဆုတ်တီဘီရောဂါကိုထိရောက်စွာကုသမှုခံယူမယ်ဆိုရင်ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပါတယ်။
ရောဂါလက္ခဏာသက်သာရုံမျှနဲ့ ဆေးကို ရက်ပြည့်မသောက်ပဲ ရပ်တန့်လိုက်တာမျိုးဟာ ဆေးယဉ်ပါးတီဘီရောဂါကိုဖြစ်စေနိုင်တာကြောင့် တီဘီရောဂါခံစားနေရသူတွေအနေနဲ့ ထိရောက်စွာရောဂါလုံးဝပျောက်ကင်းသည်အထိ ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။
 
Dr.Phyu 
 
Photo Credit-CDC