【 အလှအပနှင့်ကျန်းမာရေး 】အစာအဆိပ်သင့်ခြင်း (Food Poisoning)

【 အလှအပနှင့်ကျန်းမာရေး 】အစာအဆိပ်သင့်ခြင်း (Food Poisoning)

နွေရာသီမှာ အစာအဆိပ်သင့်ခြင်းပိုပြီးအဖြစ်များပါတယ်။ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယား‌ပိုးတွေဟာ အပူချိန်မြင့်လေ ပေါက်ဖွားနှုန်းများလေ‌ဖြစ်တာကြောင့် ဖြစ်ပါတယ်။

အစာအဆိပ်သင့်တယ်ဆိုတာဘာလဲ?

အစာအဆိပ်သင့်တယ်ဆိုတာကတော့ စားလိုက်တဲ့အစား‌အသောက်ထဲမှာမသန့်ရှင်းတဲ့ ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊ကပ်ပါးပိုးများ၊မှိုပိုးများ ပါဝင်မှုကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းထဲကိုပိုးဝင်ရောက်ခြင်းကိုခေါ်တာဖြစ်ပါတယ်။

အစာအဆိပ်သင့်ခြင်းကြောင့် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့

၁- အော့အန်ခြင်း

၂- ဗိုက်အောင့်ခြင်း

၃- ဝမ်းပျက်၊ဝမ်းလျှောခြင်း

၄- ကိုယ်အပူချိန်တက်ခြင်း

၅- ခေါင်းကိုက်ခြင်း

၆- ပင်ပန်းနွမ်းနယ်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့အချက်တွေတော့

  • အစားအ‌သောက်ပြင်ဆင်ချက်ပြုတ်ရာတွင်သန့်ရှင်းမှုမရှိခြင်း
  • အစားအသောက်ထားသိုသိမ်းဆည်းရာတွင်နည်းစနစ်မကျခြင်း

(အခန်းအပူချိန်တွင်အစား‌အ‌သောက်များကိုကြာရှည်စွာထားပါက ပုပ်သိုး ပျက်စီးလွယ်ခြင်း)

  • လက်သန့်ရှင်းမှုမရှိခြင်း စတာတွေကြောင့် အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကိုဘယ်လိုကုသမလဲ?

အစာအဆိပ်သင့်ခြင်းကို

  • ဓါတ်ဆားရည်သောက်ခြင်း
  • ဝမ်ဗိုက်အတွက်အကျိုးပြုစေသောဘက်တီးရီးယား(Pro-biotic)ပြန်လည်ဖြည့်တင်းပေးခြင်း
  • ရောဂါအခြေအနေ‌ပေါ်မူတည်၍ ပိုးသတ်ဆေးဖြင့်ကုသခြင်း စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းဟာ အချို့သောသူတွေမှာ ရောဂါအခြေအနေ ပိုမိုပြင်းထန်နိုင်ပြီး ဆေးရုံတက်၍ကုသမှုခံယူရန်လိုအပ်နိုင်ပါတယ်။

ရောဂါအခြေအနေပြင်းထန်နိုင်တဲ့သူတွေကတော့

  • ကလေးသူငယ်များ
  • အသက်အရွယ်ကြီးသူများ
  • ကိုယ်ဝန်ဆောင်မိခင်များ 
  • ကိုယ်ခံအားနည်းသူများ စတဲ့သူတွေမှာ ရောဂါအခြေအနေ ပြင်းထန်နိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • ရေဓါတ်ခမ်းခြောက်ခြင်း
  • သွေးဆိပ်တက်ခြင်း
  • ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • ကိုယ်ဝန်ဆောင်များတွင် သားပျက်သား‌လျောခြင်း စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းမဖြစ်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့

  • လက်ကိုသန့်ရှင်းအောင် ဆပ်ပြာနှင့် ရေအသုံးပြု၍ စက္ကန့် ၂၀ခန့်ဆေးကြောပါ။

( အထူးသဖြင့် အစာမစားခင်၊အစားအသောက်ချက်ပြုတ်ပြင်ဆင်ခြင်း၊အိမ်သာမှ အထွက်တွင် လက်ကိုသေချာစွာဆေးကြောဖို့လိုပါတယ်)

  • အသား၊ငါး၊ဟင်းသီးဟင်းရွက်များကို သန့်ရှင်းစွာဆေးကြောပါ။
  • အစားအသောက်ချက်ပြုတ်ရာတွင် သေချာစွာကျက်အောင်ချက်ပြုတ်ပါ။
  • အသီးအရွက်၊အသား၊ငါးများအစိမ်းစားခြင်းကိုရှောင်ကြဉ်ပါ။
  • အစားအသောက်များသိမ်းဆည်းရာတွင် အခန်းအပူချိန်တွင်ကြာရှည်စွာထားပါက ဘက်တီးရီးယားပိုးများပေါက်နိုင်တာကြောင့် ရေခဲသေတ္တာတွင်သိမ်းဆည်းပါ။
  • မချက်ရသေးသော အသား၊ငါး၊ဟင်းသီးဟင်းရွက်များကို ချက်ပြီးသား ဟင်းများနှင့် အတူတကွသိမ်းဆည်းခြင်းကိုရှောင်ကြဉ်ပါ။
  • မီးဖိုချောင်သုံးပစ္စည်းများကိုသန့်ရှင်းအောင်ထားပါ။
  • အစားအစာများကိုပြန်နွှေးပြီး စားသုံးရာတွင် သေချာစွာပြန်လည်ချက်ပြုတ်ပါ။
  • အစားအစာသိုလှောင်သော ရေခဲသေတ္တာ၊ ကြောင်အိမ်စတာတွေကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ပါ။

စတဲ့နည်းလမ်းတွေနဲ့ အစာအဆိပ်သင့်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

Dr.Phyu

Phot credit - Freepik