【 အလှအပနှင့်ကျန်းမာရေး 】နှလုံးသွေးကြောကျဉ်းရောဂါ

【 အလှအပနှင့်ကျန်းမာရေး 】နှလုံးသွေးကြောကျဉ်းရောဂါ

ရင်ဘတ်မှာ တင်းကျပ်ကျပ်နဲ့အောင့်တာမျိုးမကြာခဏခံစားနေရပြီဆိုရင်‌တော့ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရပြီလားဆိုတာကို ဆရာဝန်နဲ့ပြသစစ်ဆေးပြီး အချိန်မီကုသမှုခံယူသင့်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကတော့   နှလုံးကိုပေးပို့နေတဲ့သွေးကြောများကျဉ်းခြင်းကြောင့် နှလုံးကြွက်သားများမှာလုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ မရရှိခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာအသက်ကြီးသူတွေမှာအဖြစ်များပြီး သေချာစွာကုသမှုမခံယူပါက နှလုံးသွေးကြောပိတ်ခြင်းသို့ကူးပြောင်းသွားပြီး နှလုံးကြွက်သားပုပ်ကာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ဒါကြောင့်နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာတွေကိုသိရှိထားဖို့လိုပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါရဲ့လက္ခဏာတွေကတော့

  • ရင်ဘတ်အောင့်ခြင်း

(ရင်ဘတ်တွင်စုပ်ဆွဲထားသကဲ့သို့၊ဖိထားသကဲ့သို့အောင့်ခြင်း)

(အထူးသဖြင့် ရင်ဘတ်ဘယ်ဘက်ခြမ်း၊ဘယ်ဘက်‌ ပခုံး၊လက်မောင်း၊မေးရိုး များနာကျင်ခြင်း)

  • လှုပ်လှုပ်ရှားရှားပြုလုပ်ပါက မောခြင်း၊ရင်ဘတ်အောင့်ခြင်း

-     ရင်ဘတ်‌အောင့်ခြင်းနှင့်အတူချွေးထွက်ခြင်း၊ ပျို့အန်ခြင်း

  • နှလုံးခုန်နှုန်းမြန်ခြင်း
  • အချို့သောသူများတွင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ကဲ့သို့ ခံစားရခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်း များကတော့

၁- သွေးတွင်းအဆီဓာတ်များခြင်း

၂- အဝလွန်ခြင်း

၃- ဆေးလိပ်သောက်ခြင်း

၄‌- သွေးတွင်းသကြားဓါတ်များခြင်း(ဆီးချိုရောဂါရှိသူများ)

၅- သွေး‌‌ပေါင်ချိန်များခြင်း(သွေးတိုးရောဂါရှိသူများ)

၆- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း စတဲ့အချက်တွေကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကိုဘယ်လိုစစ်ဆေးနိုင်ပါသလဲ?

နှလုံးသွေကြောကျဉ်းရောဂါရှိမရှိ သိနိုင်ဖို့

  • ရောဂါရာဇဝင်စစ်ဆေးမေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်း
  • နှလုံး ECG စစ်ဆေးခြင်း
  • နှလုံးဓါတ်မှန် ECHOCARDIOGRAM စစ်ဆေးခြင်း
  • Coronary angiogram နှလုံးသွေးကြောကိုကွန်ပျုတာဓါတ်မှန်ဖြင့်စစ်ဆေးခြင်း
  • Cardiac CT scan နှလုံးသွေးကြောရှိ ကယ်ဆီယမ်ပမာဏစစ်ဆေးခြင်း စတဲ့နည်းအမျိုးမျိုးနဲ့စစ်ဆေးနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကိုဘယ်လိုကုသမလဲ?

နှလုံးသွေးကြောကျဉ်းရောဂါကိုစောလျင်စွာကုသနိုင်ပါက နှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံးကြွက်သား ပုပ်ခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို

  • သွေးမခဲစေသော (Anti-Platelet)ကဲ့သို့သောဆေးများ
  • သွေးတွင်းအဆီကျဆေးများ
  • သွေးပေါင်ချိန်ထိန်းညှိပေးသောဆေးများ
  • နှလုံးသွေးကြောတွင်သွေးစီးဆင်းမှုကောင်းစေသော ဆေးဝါးများ
  • နှလုံးသွေးကြောကျဉ်းတဲ့အခြေအနေပေါ်မူတည်၍ နှလုံးသွေးကြောတွင်း stent ထည့်ခြင်း၊ CABG ဟုခေါ်သော သွေးကြော‌လမ်း‌ကြောင်းခွဲစိတ်၍ကုသခြင်း စတဲ့ကုသမှုများပြုလုပ်နိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ ဆေးဝါးကုသမှုသာမက လူနေမှုပုံစံကိုပါပြုပြင်ပြောင်းလဲနေထိုင်ဖို့လိုပါတယ်။

  • ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ထိန်းသိမ်းဖို့လိုပါတယ်။
  • သွေးတိုးရောဂါရှိသူတွေအနေနဲ့လည်း သွေးပေါင်ချိနိကို ပုံမှန်အတွင်းရောက်အောင်ထိန်းထားဖို့လိုပါတယ်။
  • ချိုလွန်းသော၊ငန်လွန်းသော၊အဆီများလွန်းသောအစားအစာများကိုရှောင်ကြဉ်ဖို့လိုပါတယ်။
  • နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့လိုပါတယ်။
  • အဝမလွန်အောင်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိဖို့လိုပါတယ်။
  • ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးများကိုပုံမှန်သောက်သုံးဖို့လိုပါတယ်။
  • ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
  • အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း ရက်ချိန်းပုံမှန်ပြသပြီး နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ စတဲ့အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။
  •  

Dr.Phyu

Photo credit -Physiopedia