【 အလှအပနှင့်ကျန်းမာရေး 】ဆီးပူညောင်းကျရောဂါ (ဂနိုရောဂါ)

【 အလှအပနှင့်ကျန်းမာရေး 】ဆီးပူညောင်းကျရောဂါ (ဂနိုရောဂါ)

ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) ဂနို ရောဂါ လို့ခေါ်ကြတဲ့ ရောဂါကတော့ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။
 
ရောဂါလက္ခဏာတွေကတော့
 
- ဆီး‌ပူဆီးအောင့်ခြင်း၊ဆီးခုံ၊ဆီးစပ်ကိုက်ခဲခြင်း
 
- လိင်အင်္ဂါမှ ပြည်ကဲ့သို့သောအရည်များဆင်းခြင်း
 
(စအို နှင့်လိင်ဆက်ဆံသူများတွင် စအိုမှ သွေးထွက်ခြင်း၊အရည်များထွက်ခြင်း၊နာကျင်ခြင်း)
 
- အမျိုးသားများတွင်လိင်အင်္ဂါနာကျင်၊ရောင်ရမ်းခြင်း
 
- အမျိုးသမီးများတွင်ရာသီမမှန်ခြင်း
 
(ပုံမှန်ဓမ္မတာလာချိန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း)
 
- လိင်ဆက်ဆံချိန်တွင်နာကျင်မှုခံစားရခြင်း
 
- လိင်ဆက်ဆံပြီးချိန်တွင်သွေးဆင်းခြင်း
 
- ဂနိုရောဂါရှိနေသောမိခင်မှ သန္ဓေသားသို့ ကူးစက်ပါက မွေးကင်းစကလေးငယ်တွေမှာ မျက်စိတွင်ပြည်ကဲ့သို့မျက်ဝတ်များထွက်ခြင်း၊ မျက်စိနာခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
 
- အချို့သောသူတွေမှာတော့ ဂနိုရောဂါကြောင့် အဆစ်အမြစ်များရောင်ရမ်း ကိုက်ခဲခြင်း၊ နှလုံးအဆို့ရှင်တွင် ရောဂါပိုးဝင်ခြင်းစတာတွေခံစားရနိုင်ပါတယ်။
 
နောက်ဆက်တွဲရောဂါလက္ခဏာများ
 
ဆီးပူညောင်းကျရောဂါကို မကုသဘဲထားပါက နောက်ဆက်တွဲအနေနဲ့
 
- ကလေးရရန်ခက်ခဲခြင်း၊က‌လေးမရနိုင်ခြင်း
 
- သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း
 
- ကလေးသူငယ်များတွင်မျက်စိထိခိုက်မှုကြောင့် အမြင်အာရုံချို့ယွင်းခြင်း
 
- နှလုံအဆို့ရှင်ပျက်စီးခြင်း ၊ဦးနှောက်၊အဆစ်အမြစ်များ ရောင်ရမ်းခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
 
ဆီးပူညောင်းကျ(ဂနိုရောဂါ) ကိုဘယ်လိုကာကွယ်မလဲ?
 
- လိင်ဆက်ဆံရာတွင် အကာအကွယ်ကွန်ဒုံးအသုံးပြုခြင်းဟာ ဂနိုရောဂါသာမက အခြားသော လိင်အင်္ဂါမှတစ်ဆင့်ကူးစက်တဲ့ ရောဂါများကို ကာကွယ်နိုင်ပါတယ်။
 
ဂနိုရောဂါကိုကုသလို့ရပါသလား?
 
- ဂနိုရောဂါဟာ ပျောက်ကင်းအောင်ကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။
 
-    အရေးကြီးတာကတော့ ဂနိုရောဂါဟာ မိမိရော၊ မိမိရဲ့လိင်ဆက်ဆံဖော်ပါ ကုသမှုခံယူဖို့လိုတဲ့ရောဂါဖြစ်ပါတယ်။
 
- ဂနိုရောဂါကုသပြီး‌ ရောဂါလုံးဝပျောက်ကင်းသွားမှသာ လိင်ဆက်ဆံခြင်းကိုပြုလုပ်သင့်ပါတယ်။
 
ဒါကြောင့် မိမိမှာ ဂနိုရောဂါခံစားနေရတယ်လို့ သံသယရှိပါက ရှက်ကြောက်မနေဘဲ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာ သွားရောက်ပြသပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
 
Dr.Phyu
 
Photo credit- Baptist Health