【 အလှအပနှင့်ကျန်းမာရေး 】ခါးနာခြင်း (Back Pain)

【 အလှအပနှင့်ကျန်းမာရေး 】ခါးနာခြင်း (Back Pain)

ခါးနာတယ်ဆိုတာကတော့လူတော်တော်များများခံစားဖူးကြပါတယ်။

ခါးနာရခြင်းအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။လူအများစုကတော့ ရက်အနည်းငယ် အနားယူလိုက်တာမျိုး၊အကိုက်အခဲ‌ ‌ပျောက်ဆေး သောက်လိုက်ရုံနဲ့ ခါးနာခြင်း‌ ဝေဒနာသက်သာသွားတာများပြီး အချို့သောအခြေအနေတွေမှာတော့ခွဲစိတ်ကုသဖို့လိုအပ်တာမျိုးအထိရှိနိုင်ပါတယ်။

ခါးနာစေတဲ့ အကြောင်းအရင်းတွေကတော့

  • ကြွက်သား သို့မဟုတ် အရွတ်တွင်ဒဏ်ရာရခြင်း
  • ခါးကျောရိုးအဆစ်ပြားကျွံခြင်း
  • ခါးရိုးအဆစ်ရောင်ရမ်းခြင်း
  • အရိုးပွခြင်း
  • ခါးအရိုးကင်ဆာဖြစ်ခြင်း စတဲ့အရိုးနဲ့ကြွက်သားပြဿနာတွေကြောင့်ခါးနာနိုင်သလို
  • ကျောက်ကပ်ရောဂါ
  • ဆီးလမ်းကြောင်း နှင့်လိင်အင်္ဂါတွင်ဖြစ်သောရောဂါများ
  • အာရုံကြောညပ်ခြင်း၊ကျောရိုးအာရုံကြောမ တွင်ဖြစ်သောရောဂါများ

စတဲ့ ရောဂါများမှာလည်း ခါးနာခြင်းခါးကိုက်ခြင်းဝေဒနာ

ခံစားရနိုင်ပါတယ်။

ခါးနာခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရပါသလဲ?

  • ခါးကြွက်သားတွေသန်မာစေဖို့အတွက်နေ့စဉ် မပြင်းထန်တဲ့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ရာမှာခါးရိုးကိုမထိခိုက်တဲ့နည်းစနစ်မှန်မှန်ပြုလုပ်ဖို့လိုပါတယ်။
  • အဝမလွန်အောင် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
  • အလေးအပင်မရာမှာခါးကိုဝန်မပိစေဖို့ ကိုယ်ဟန်အနေအထားမှန်မှန်နဲ့သယ်ယူပါ။

(ခါးကိုကုန်း၍ပစ္စည်းကောက်ခြင်း မပြုလုပ်ဘဲ ခါးရိုးကိုတည့်မတ်စွာထား၍ ဒူးခေါင်းကိုကွေး၍ ပစ္စည်းကိုမတင်ခြင်းပြုလုပ်ခြင်းဖြင့် ခါးနာခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါတယ်)

  • နေ့စဉ်အထိုင်များတဲ့သူတွေအတွက် ခါးရိုးပုံသဏ္ဌာန် စနစ်တကျဖြစ်အောင် ခါးကိုတည့်မတ်စွာထားပြီး ထိုင်ဖို့လိုပါတယ်။
  • မတ်တပ်ရပ်ချိန်မှာလည်း ခါးရိုးကိုတည့်မတ်စွာထားပြီး ပုံသဏ္ဌာန် မှန်မှန်ဖြစ်အောင် ပြုမူနေထိုင်ပါ။
  • ညအိပ်ရာဝင်ချိန်မှာခါးရိုးကိုပုံမှန်ဖြစ်စေဖို့ ဒူးခေါင်းအောက်တွင်ခေါင်းအုံး အနိမ့် ထား၍အိပ်ခြင်း သို့မဟုတ် ဘေးတစောင်းအိပ်၍ ဒူးနှစ်ဖက်ကြားတွင်ခေါင်းအုံးခံ၍အိပ်ခြင်း ဖြင့် ခါးကိုဝန်မပိအောင်ကာကွယ်နိုင်ပါတယ်။
  • ဒေါက်မြင့်လွန်းသောဖိနပ်များဝတ်ဆင်ခြင်းကို‌ရှောင်ကြဉ်ပါ။
  • ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။

စတဲ့နည်းလမ်းတွေနဲ့ ခါးနာခြင်းမဖြစ်အောင်

ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပါသလဲ?

  • ပြင်းထန်သောထိခိုက်ဒဏ်ရာရမှုကြောင့် ခါးနာခြင်း

(ဥပမာ- ယာဉ်တိုက်မှု၊ အမြင့်မှပြုတ်ကျခြင်း)

  • ရက်သတ္တပတ် ၁ပတ်-၂ပတ်ကျော်သည်အထိခါးနာခြင်း
  • ခြေထောက် ခြေချောင်းများထုံကျဉ်ခြင်း
  • ခြေထောက်လှုပ်ရှားရာတွင်အားမရှိခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဖျားခြင်း
  • ဆီးလမ်းကြောင်း၊ဝမ်းလမ်းကြောင်းဆိုင်ရာလက္ခဏာများခံစားရခြင်း
  • လိင်အင်္ဂါပိုင်းဆိုင်ရာလက္ခဏာများခံစားရခြင်းစတဲ့ ရောဂါလက္ခဏာတွေခံစားရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။

 Dr.Phyu

Photo credit- eMedicineHealth