【အလှအပနှင့်ကျန်းမာရေး】“အဝလွန်ခြင်း”

【အလှအပနှင့်ကျန်းမာရေး】“အဝလွန်ခြင်း”

ကျွန်မတို့ခန္ဓာကိုယ်အတွက် နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို အစာစားသုံးခြင်းကနေ ရရှိပါတယ်။

လှုပ်ရှားမှုနည်းပြီး စားသုံးမှုပိုများတဲ့အခါ ပိုလျှံနေတဲ့အဆီပို‌တွေကို ခန္ဓာကိုယ်မှာ သိုလှောင်သိမ်းဆည်းထားပါတယ်။အဆီပိုတွေ စုပုံလာတဲ့ အခါမှာတော့ အဝလွန်ခြင်းကိုဖြစ်စေပါတယ်။

အဝလွန်ခြင်းကို Body Mass Index (BMI) လို့ခေါ်တဲ့ စံနှုန်းနဲ့တိုင်းတာနိုင်ပါတယ်။

BMI တွက်နည်းကတော့

မိမိခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ် (kg) ကိုတည် အရပ်အမြင့် မီတာနှစ်ထပ်ကိန်း (meters squared) နဲ့စားနိုင်ပါတယ်။

BMI = weight (kg) / height (m^2)

BMI  (<18.5)        - ကိုယ်အလေးချိန်နည်းသောအဆင့်

BMI  (18.5-24.9) - ပုံမှန်ကိုယ်အလေးချိန်

BMI  (25-29.9)    - ဝသောအဆင့်

BMI  (>30)           - အဝလွန်သောအဆင့်

အဝလွန်ခြင်းကြောင့်ခံစားရနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • လေဖြတ်ခြင်း
  • ကျောက်ကပ်ရောဂါ
  • သည်းခြေအိတ်တွင် ကျောက်တည်ခြင်း
  • အသည်းအဆီဖုံးခြင်း
  • Obstructive sleep apnea (OSA)ဟုခေါ်သောအိပ်နေစဉ်တွင်အသက်ရှူရပ်ခြင်း
  • ကင်ဆာရောဂါ
  • Osteoarthritis (OA)ဟုခေါ်သော အရိုးအဆစ်ရောဂါစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

အဝလွန်ခြင်းကိုဘယ်လိုကုသမလဲ?

အဝလွန်ခြင်းကို အစားအသောက်၊ အနေအထိုင်ပြုပြင်ပြောင်းလဲခြင်းနဲ့အဓိက ကုသနိုင်ပါတယ်။

  • ဟင်းသီးဟင်းရွက်၊သစ်သီးများ၊အ‌စေ့အဆံများကိုများများစားသုံးပါ။
  • အသား၊ငါး၊နှင့် ထမင်းကိုသင့်တင့်မျှတစွာစားသုံးပါ။
  • အဆီများလွန်းသောအစားအစာများကိုရှောင်ကြဉ်ပါ။
  • Fast Food လို့ခေါ်တဲ့အသင့်စား အစားအစာများကိုရှောင်ကြဉ်ပါ။
  • သကြားပမာဏအလွန်များသော အချိုရည်များသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
  • နေ့စဉ်လိုအပ်သော ကယ်လိုရီပမာဏထက် ကျော်လွန်အောင်စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။

အစားအသောက်၊လေ့ကျင့်ခန်းများနဲ့ အဝလွန်ခြင်းကို မလျော့ချနိုင်ပါက တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

  • သတိပြုရမယ့်အချက်ကတော့

 ကိုယ့်သဘောနဲ့ကိုယ် ပိန်ဆေးများ သောက်ခြင်းကြောင့် မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်တာဖြစ်လို့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့ တိုက်တွန်းလိုပါတယ်။

 

Dr.phyu

Photo credit - freepik