【 နည်းပညာ 】 Xiaomi 12 series ထွက်ရှိလာပြီ

【 နည်းပညာ 】 Xiaomi 12 series ထွက်ရှိလာပြီ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ ယမန်နေ့ညပိုင်းမှာပဲ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါပြီ။

Xiaomi 12 series အဖြစ် နောက်ဆုံးထွက်ရှိလာတဲ့ စမတ်ဖုန်းမျိုးဆက်သစ်မှာ Xiaomi 12X, Xiaomi 12 နဲ့ Xiaomi 12 Pro မော်ဒယ်လ် ၃ မျိုး ပါဝင်လာခဲ့ဝာာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Xiaomi 12 series မှာ ‌ဈေးအသက်သာဆုံး မော်ဒယ်လ်ကတော့ Xiaomi 12X ဖြစ်ပါတယ်။ Xiaomi 12X ကို Qualcomm ရဲ့ Snapdragon 870 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ မျက်နှာပြင်အရွယ်အစားကတော့ ၆.၂၈ လက်မဖြစ်ပါတယ်။သေးငယ်ပြီး ကျစ်လစ်လှပနေမှာဖြစ်ပြီး ဒီဇိုင်းပုံစံကတော့ Xiaomi 12 series အားလုံး တူညီမှာဖြစ်ပါတယ်။‌ဈေးနှုန်းသက်သာတဲ့ မော်ဒယ်လ်ဖြစ်တာနဲ့အညီ ကင်မရာပိုင်းမှာ Xiaomi 12 နဲ့ 12 Pro တို့လို OIS (optical image stabilization) နည်းပညာ ပါဝင်လာမှာတော့ မဟုတ်ပါဘူး။

Xiaomi 12 ကတော့ ကျစ်လစ်လှပပြီး စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။မျက်နှာပြင်အရွယ်အစားကတော့ Xiaomi 12X နဲ့ တူညီမှာဖြစ်‌ပေမယ့် ဘေးနှစ်ဖက်ကိုခုံးထားတဲ့ 1080p Curved AMOLED ကို တပ်ဆင်ပေးထားပြီး၊ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 8 Gen1 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပါတယ်။ 4,500mAh ဘက်ထရီကို အားသွင်းရန်အတွက် 67W မြန်နှုန်းမြှင့် အားသွင်းစနစ်နဲ့ 50W ကြိုးမဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်တို့ ပါဝင်ပါတယ်။ကင်မရာ‌မှာတော့ OIS နည်းပညာပါဝင်တဲ့ Sony IMX 766, 50MP အရည်အသွေး အဓိက ကင်မရာကို တပ်ဆင်ပေးထားပြီး၊ မြင်ကွင်းကျယ်အတွက် 13MP ultra wide နဲ့ 5MP macro ကင်မရာတို့ကိုလည်း အားဖြည့်တပ်ဆင်ပေးထားပါတယ်။

Xiaomi 12 Pro ကတော့ ‌ဈေးအကြီးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး မော်ဒယ်လ်ဖြစ်ပါတယ်။ Xiaomi 12 ထက် သာလွန်တဲ့ အချက်တွေကတော့ မျက်နှာအရွယ်အစား ၆.၇၃ လက်မဖြစ်ပြီး၊ Quad HD+ Curved AMOLED ကို အသုံးပြုပေးထားပါတယ်။ဒါ့အပြင် 120W မြန်နှုန်းမြှင့် အားသွင်းစနစ်ပါဝင်လာပြီး၊ အဓိက ကင်မရာကိုတော့ Sony IMX 707, 50MP ကို တပ်ဆင်ပေးထားပြီး၊ 50MP ultra wide နဲ့ 50MP 2X telephoto တို့ကိုလည်း အားဖြည့်တပ်ဆင်ပေးထားပါတယ်။ Xiaomi 12 Pro နဲ့ 12 ကို ယှဉ်ကြည့်ရင်တော့ ကင်မရာပိုင်း၊ အားသွင်းစနစ်နဲ့ မျက်နှာပြင်ပိုင်းတို့မှာ Xiaomi 12 Pro က ဈေးအကြီးဆုံး မော်ဒယ်လ်ဖြစ်တာနဲ့အညီ အပြတ်အသတ်ကို သာလွန်နေမှာဖြစ်ပါတယ်။

Xiaomi 12 series မှာ ဒီဇိုင်းပုံစံပိုင်းကို ပိုမိုအားစိုက်ခဲ့တာမြင်တွေ့ရပြီး ယခင်မျိုးဆက် Xiaomi 11 series ထက် ဒီဇိုင်းပုံစံ ပိုမိုရိုးရှင်းလာခဲ့ပေမယ့် ကျစ်လစ်လှပတဲ့ ဒီဇိုင်းပုံစံဖြစ်တဲ့အတွက် Xiaomi ချစ်သူတွေ အကြိုက်တွေ့ဦးမယ့် စမတ်ဖုန်းမျိုးဆက်ဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်။

Damien
ဒီဇင်ဘာ - ၂၈