【 နည်းပညာ 】 Xiaomi ရဲ့ စမတ်နာရီသစ် မတ်လအတွင်း ထွက်ရှိမည်

【 နည်းပညာ 】 Xiaomi ရဲ့ စမတ်နာရီသစ် မတ်လအတွင်း ထွက်ရှိမည်

လွန်ခဲ့သော ရက်သတ္တပတ်များတုန်းက Xiaomi ရဲ့ စမတ်နာရီသစ် သတင်းများဟာ အွန်လိုင်းပေါ် ပေါက်ကြားလာခဲ့ပါတယ်။

ယမန်နေ့ကတော့ Xiaomi ကုမ္ပဏီဘက်က စမတ်နာရီသစ်ကို လာမယ့် အင်္ဂါနေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင် ဖော်ပြခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ Xiaomi 12 series စမတ်ဖုန်းများ နိုင်ငံတကာဈေးကွက်ကို မိတ်ဆက်ခြင်းနဲ့အတူ စမတ်နာရီသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။စမတ်နာရီသစ်ရဲ့ အမည်ကိုတော့ Xiaomi Watch S1 active လို့ အမည်ပေးထားပါတယ်။

Xiaomi ကုမ္ပဏီဘက်က စမတ်နာရီသစ်ရဲ့ အသေးစိတ်အကြောင်းကို ထုတ်ပြန်ထားခြင်းမရှိပေမယ့် တွစ်တာလူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ကြော်ငြာပုံအရ နာရီလက်ပတ်ကြိုးဟာ အရောင် ၆ ရောင် ထွက်ရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင် စမတ်နာရီရဲ့ ဒိုင်ခွက်ကို လုံးဝန်းတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် နေရာမရွေး အချိန်မရွေး ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

Xiaomi Watch S1 active စမတ်နာရီသစ်မှာ စမတ်နာရီတွေရဲ့ အခြေခံစွမ်းဆောင်ရည်တွေဖြစ်တဲ့ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အိပ်စက်မှုစောင့်ကြည့်ပေးခြင်း၊ ခြေလှမ်းအရေအတွက်အကဲဖြတ်ခြင်းနဲ့ အားကစားနည်းများ စောင့်ကြည့်အကဲဖြတ်ခြင်းတို့လို နည်းပညာတွေကတော့ သေချာပေါက်ပါဝင်လာမှာဖြစ်ပြီး၊ အခြား ဘယ်လိုစွမ်းဆောင်ရည်တွေကို ထပ်မံပေါင်းထည့်ထားမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာဈေးကွက်ကို မိတ်ဆက်မယ့် Xiaomi ရဲ့ မတ်လ ၁၅ ရက်နေ့ မိတ်ဆက်ပွဲမှာ စမတ်ဖုန်းများ၊ စမတ်နာရီများအပြင် အခြားသော စမတ်ထုတ်ကုန်တွေလည်း ပါဝင်လာဖို့ရှိနေပါတယ်။

Damien
Ref - GSMArena
မတ် - ၁၃