【 နည်းပညာ 】 Pixel 6 series မှာ နှေးကွေးစွာ အားသွင်းတဲ့ပြဿနာကို Google ဖြေရှင်း

【 နည်းပညာ 】 Pixel 6 series မှာ နှေးကွေးစွာ အားသွင်းတဲ့ပြဿနာကို Google ဖြေရှင်း

Google ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 6 နဲ့ 6 Pro တို့ မြန်နှုန်းမြှင့် အားသွင်းစနစ်တွေ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် Pixel 6 series ကို အသုံးပြုသူများကတော့ ဖုန်းကို အားသွင်းရာမှာ နှေးကွေးစွာ အားသွင်းနေရတယ်ဆိုပြီး ဖော်ပြမှုတွေ ပြလုပ်ခဲ့ကြတယ်။

Pixel 6 series ရဲ့ မိတ်ဆက်မှုဟာ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပေမယ့်လည်း နောက်ပိုင်းမှာတော့ Google ကုမ္ပဏီအနေနဲ့ ပြဿနာများကို လိုက်လံဖြေရှင်းရလျက်ရှိနေပါတယ်။အချို့သော Pixel 6 series စမတ်ဖုန်းတွေမှာ မျက်နှာပြင်များတွင် ပြဿနာတက်နေသလို ယခုအခါမှာတော့ အားသွင်းစနစ်မှာ ပြဿနာရှိနေတယ်ဆိုပြီး သုံးစွဲသူများဘက်က တင်ပြလာခဲ့ပါတယ်။ Pixel 6 series မှာ 30W မြန်နှုန်းမြှင့် အားသွင်းစနစ် ပါဝင်ပြီး ဖုန်းအားပမာဏ ၅၀ ရာခိုင်နှုန်းရရှိရန် မိနစ် ၃၀ ခန့်သာ အားသွင်းရမယ်ဆိုထားပေမယ့် အသုံးပြုများကတော့ အချိန်ပိုမိုကြာရှည်စွာ အားသွင်းနေရတယ်လို့ ‌တင်ပြထားကြတာဖြစ်ပါတယ်။

Google ဘက်က အဆိုပါ နှေးကွေးစွာ အားသွင်းနေရတဲ့ ပြဿနာကို ပြန်လည်ဖြေရှင်းခဲ့ပြီး Camille Vogl မှ Pixel 6 series တွင်း အားသွင်းခြင်းလုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခု ဖော်ပြခဲ့ပါတယ်။

"Pixel 6 series ရှိ ဘက်ထရီများကို ကြာရှည်ခံမှုနဲ့ မြန်နှုန်းမြှင့် အားသွင်းမှုတို့အကြား ဟန်ချက်ညီစေရန် ‌ဒီဇိုင်းဆွဲ တည်ဆောက်ထားပြီး၊ ပါဝါဝင်လာသည်ဖြစ်စေ Pixel 6 series သို့ ပေးပို့သော ပါဝါတွေဟာ အားသွင်းနေစဉ်မှာ ကွဲပြားမှာဖြစ်တယ်" လို့ Vogl က ရှင်းပြခဲ့ပါတယ်။

Pixel 6 series ရဲ့ အားသွင်းစနစ်ဟာ ဘက်ထရီအား ပိုမိုနည်းပါးနေချိန်မှာ အားသွင်းနိုင်မှု ပိုမိုမြန်ဆန်မှာဖြစ်ပြီး တစ်နာရီအတွင်း ဖုန်းအားပမာဏ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်မယ်လို့ Vogl က ဆိုခဲ့ပါသေးတယ်။ဒါ့အပြင် Pixel 6 ဟာ 21W ပါဝါဖြစ်ပြီး၊ Pixel 6 Pro ကတော့ 23W အသီးသီးဖြစ်တယ်လို့ Vogl က ဖော်ပြခဲ့ပါသေးတယ်။

Pixel 6 series ကို အသုံးပြုသူများဘက်ကတော့ 30W အားသွင်းစနစ်ကို အပြည့်အဝအသုံးချမယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ယခု Google ဘက်က ပြန်လည်ဖြေရှင်းမှုအရဆိုရင်တော့ 30W မြန်နှုန်းထက် ပိုမိုနည်းပါးတယ်လို့ ယူဆရမှာဖြစ်ပါတယ်။‌

Google ဘက်က Pixel 6 series စမတ်ဖုန်းများရဲ့ အားသွင်းအမြန်နှုန်းတွေကို ယခင်က အတည်မပြုခဲ့တာလည်း သတိပြုစရာဖြစ်ခဲ့ရပြီး၊ Google ကုမ္ပဏီဟာ သုံးစွဲများမှတင်ပြတဲ့ ပြဿနာတွေကို အခြေခံပြီး သင်ခန်းစာတွေကို သင်ယူနေတယ်လို့ ယူဆရတော့မှာဖြစ်ပါတယ်။

Damien
နိုဝင်ဘာ - ၁၉