【 နည်းပညာ 】 Apple ရဲ့ iPad Mini မျိုးဆက်သစ်မှာ မျက်နှာပြင်နည်းပညာသစ် ပါဝင်လာဖွယ်ရှိ

【 နည်းပညာ 】 Apple ရဲ့ iPad Mini မျိုးဆက်သစ်မှာ မျက်နှာပြင်နည်းပညာသစ် ပါဝင်လာဖွယ်ရှိ

Apple ကုမ္ပဏီအနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ နည်းပညာလောကမှာ ထုတ်ကုန်ပစ္စည်းတွေ ရောင်းအားမြှင့်တင်ရန်အတွက် နည်းပညာသစ်တွေကို iPhone နဲ့ iPad မျိုးဆက်သစ်တွေမှာ ထည့်သွင်းပေးလျက်ရှိပါတယ်။
 
ယခုလည်း 120Hz refresh rate မျက်နှာပြင်နည်းပညာကို Apple မှ ၎င်းရဲ့ iPhone နဲ့ iPad မျိုးဆက်သစ်တွေမှာ အဆင့်မြှင့်တင်ထည့်သွင်းပေးလျက်ရှိနေပြီး၊ သတင်းထွက်ပေါ်မှုတွေအရတော့‌ နောက်ထပ်ထွက်ရှိမယ့် iPad mini မျိုးဆက်သစ်မှာ 120Hz ProMotion မျက်နှာပြင်ကို အဆင့်မြှင့်တင်ပေးလာဖွယ်ရှိတယ်လို့ သိရပါတယ်။
 
မျက်နှာပြင် နည်းပညာတစ်ခုဖြစ်တဲ့ 120Hz refresh rate ဟာ အဆိုပါနည်းပညာပါဝင်တဲ့ စမတ်ဖုန်း (သို့မဟုတ်) တက်ဘလက်တွေမှာ မျက်နှာပြင်ကို ထိတွေ့အသုံးပြုရာ၌ ပိုမိုမြန်ဆန်ချောမွေ့မှုရှိနေမှာဖြစ်ပါတယ်။ Android စမတ်ဖုန်းတွေမှာတော့ 120Hz တင်မကတော့ပဲ 144Hz refresh rate နည်းပညာပင် ပါဝင်နေပြီဖြစ်ပြီး၊ ZTE မှ ထုတ်လုပ်တဲ့ nubia Red Magic 6s series စမတ်ဖုန်းတွေမှာတော့ 165Hz refresh rate နည်းပညာကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Apple အနေနဲ့ Android စမတ်ဖုန်းတွေထက် မျက်နှာပြင်နည်းပညာမှာတော့ နောက်ကျကျန်နေခဲ့တာဖြစ်ပြီး iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှသာ 120Hz ProMotion မျက်နှာပြင်နည်းပညာ ထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။
 
တွစ်တာလူမှုကွန်ယက်မှာ ပေါက်ကြားလာတဲ့ သတင်းအရတော့ Apple ကုမ္ပဏီဟာ ၈.၃ လက်မ အရွယ်အစားရှိတဲ့ Samsung မျက်နှာပြင်ကို စမ်းသပ်လျက်ရှိနေပြီး အဆိုပါမျက်နှာပြင်မှာ 120Hz refresh rate နည်းပညာ ပါဝင်တယ်လို့ သိရပါတယ်။အဆိုပါသတင်းအရ ၈.၃ လက်မ အရွယ်အစား မျက်နှာပြင်လို့ ဆိုထားတဲ့အတွက် iPad mini လို့ပဲ ယူဆရမှာဖြစ်ပြီး၊ Apple ဘက်က 120 Hz refresh rate မျက်နှာပြင်နည်းပညာကို ထည့်သွင်းပြီး iPad Mini 6 Pro လို့ အမည်ပေးကာ ဈေးနှုန်းမြှင့်တင် ရောင်းချလာဖွယ်ရှိနေပါတယ်။
 
လက်ရှိအချိန်မှာတော့ Apple ဘက်က အဆိုပါမျက်နှာပြင်ကို စမ်းသပ်နေဆဲသာဖြစ်ပြီး iPad mini မျိုးဆက်သစ်ကို မြင်တွေ့ရဖို့ အချိန်တစ်ခုစောင့်ဆိုင်းရဖွယ်တော့ ရှိနေပါတယ်။
 
Damien
နိုဝင်ဘာ - ၅