【 နည်းပညာ 】 အိုမီခရွန်မျိုးကွဲရဲ့ ပထမဆုံးပုံရိပ် ထွက်ရှိလာ

【 နည်းပညာ 】 အိုမီခရွန်မျိုးကွဲရဲ့ ပထမဆုံးပုံရိပ် ထွက်ရှိလာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကိုဗစ်မျိုးကွဲဖြစ်တဲ့ B.1.1.529 ကို စိုးရိမ်မျိုးကွဲအဖြစ် သတ်မှတ်ပြီး အိုမီခရွန်ဟု အမည်ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုတေသီတွေဟာ အိုမီခရွန်ရဲ့ ရှုထောင့်များစွာကို ကောင်းစွာနားလည်စေရန်အတွက် လေ့လာမှုများ လုပ်ဆောင်လျက်ရှိနေပါတယ်။

ရောမမြို့ရှိ ကျော်ကြားသော Bambino Gesu ဆေးရုံမှ မျိုးကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်ရဲ့ ပထမဆုံးပုံရိပ်ကို ဖော်ပြခဲ့ပြီး၊ မျိုးကွဲအသစ်ဟာ ယခင် ဒယ်လ်တာမျိုးကွဲတွင် တွေ့ရှိရသည်ထက် ဗီဇပြောင်းလဲမှုများစွာရှိကြောင်း ‌အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဘက်ကတော့ မျိုးကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်ဟာ ယခင် ဒယ်လ်တာအပါအဝင် အခြားသောမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပိုမိုကူးစက်နိုင်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (ဥပမာ - လူတစ်ဦးမှ လူတစ်ဦးသို့ ပျံ့နှံ့မှု လွယ်ကူမြန်ဆန်ခြင်း ရှိ၊ မရှိ) ဆိုခဲ့ပါတယ်။

"ဒီမျိုးကွဲကြောင့် တောင်အာဖရိကရဲ့ ဒေသတွေမှာ စမ်းသပ်တွေ့ရှိသူအရေအတွက် တိုးလာနေပေမယ့်  အိုမီခရွန် (သို့မဟုတ်) အခြားသော အကြောင်းအရင်းတွေကြောင့် ဖြစ်၊ မဖြစ်ဆိုတာကို နားလည်နိုင်ဖို့အတွက် ကူးစက်ကပ်ရောဂါဆိုင်ရာ လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်" လို့ ကျန်းမာရေးအေဂျင်စီမှ ပြောကြားခဲ့ပါတယ်။

"ကာကွယ်ဆေးအပါအဝင် ကျနော်တို့ရဲ့ တန်ပြန် အစီအမံများအပေါ် ယခုမျိုးကွဲအသစ်ရဲ့ အလားအလာနဲ့ သက်ရောက်မှုအား နားလည်ရန် နည်းပညာဆိုင်ရာ မိတ်ဖက်များနဲ့ လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားပြီး၊ "ကာကွယ်ဆေးများဟာ လတ်တလော သေဆုံးမှုနှင့် ပြင်းထန်သောရောဂါများကို လျှော့ချရန် ပျံ့နှံ့နေသော ဒယ်လ်တာမျိုးကွဲကို တိုက်ဖျက်ရန်က အရေးကြီးပါတယ်" ဟု WHO က ဆက်ပြောပါတယ်။

"လက်ရှိ ကာကွယ်ဆေးများဟာ ပြင်းထန်သော ရောဂါနှင့် သေဆုံးနှုန်းကို တိုက်ဖျက်ရန်အတွက် ထိရောက်မှုရှိနေဆဲဖြစ်တယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပြောကြားခဲ့ပါတယ်။

Damien
နိုဝင်ဘာ - ၂၉