【 နည်းပညာ 】 အမြင့်ဆုံး iPhone 13 မော်ဒယ်လ်ထက်တောင် ဈေးပိုမြင့်တဲ့ Sony စမတ်ဖုန်းသစ်

【 နည်းပညာ 】 အမြင့်ဆုံး iPhone 13 မော်ဒယ်လ်ထက်တောင် ဈေးပိုမြင့်တဲ့ Sony စမတ်ဖုန်းသစ်

Sony ကုမ္ပဏီကတော့ ၎င်းရဲ့ ကင်မရာစွမ်း‌‌ဆောင်ရည်အသားပေးထားတဲ့ စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။
 
Xperia Pro-I လို့ အမည်ပေးထားတဲ့ Sony စမတ်ဖုန်းသစ်ရဲ့ ထူးခြားမှုကတော့ iPhone 13 series ထဲက အမြင့်ဆုံးမော်ဒယ်လ်ဖြစ်တဲ့ iPhone 13 Pro Max 1TB ထက်တောင် ဈေးပိုမြင့်နေခြင်းဖြစ်ပါတယ်။
 
နောက်ဆုံးမိတ်ဆက်လိုက်တဲ့ Xperia Pro-I စမတ်ဖုန်းမှာ Sony ကုမ္ပဏီရဲ့ နာမည်ကျော်တဲ့ RX100 VII compact camera ကို စမတ်ဖုန်းကင်မရာအဖြစ် ပြန်လည်မွမ်းမံကာ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ကင်မရာအာရုံခံကိရိယာအရွယ်အစားကတော့ ၁ လက်မရှိမှာဖြစ်ပြီး၊ အဓိက ကင်မရာဟာ 12MP အရည်အသွေးဖြစ်ပါတယ်။အဆိုပါ Xperia Pro-I နဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံများရဲ့ pixel များဟာ iPhone 13 Pro Max ထက် အဆ ၂၀ ပိုကြီးမားတယ်လို့ သတင်းများက ဆိုပါတယ်။ Xperia Pro-I စမတ်ဖုန်းမှာ အဓိက ကင်မရာအပြင် 12MP အရည်အသွေးရှိ မြင်ကွင်းကျယ်ရိုက်ကူးရန် (ultra wide) နဲ့ အဝေးရိုက်ကူးရန် 12MP (telephoto) နဲ့ 3D iTOF အာရုံခံကိရိယာတို့ကိုလည်း ပူးတွဲတပ်‌ဆင်ပေးထားပါတယ်။
 
ဗီဒီယိုရိုက်ကူးနိုင်မှုအပိုင်းမှာ‌တော့ 4K အရည်အသွေးဗီဒီယိုကို 120fps အထိ ရိုက်ကူးနိုင်မယ်လို့ သိရပြီး၊ iPhone 13 Pro Max နဲ့ Samsung Galaxy S21 Ultra တို့မှာတော့ 4K 60fps အထိသာ ရိုက်ကူးနိုင်တာဖြစ်ပါတယ်။
 
Sony Xperia Pro-I စမတ်ဖုန်းကို Snapdragon 888 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ ၆.၅ လက်မ အရွယ်အစားရှိတဲ့ 120Hz refresh rate နည်းပညာနဲ့ 4K အရည်အသွေး OLED မျက်နှာပြင်ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။မမ်မိုရီပမာဏကတော့ 12GB ဖြစ်ပြီး၊ သိမ်းဆည်းနိုင်မှုပမာဏ 512GB ဖြစ်ကာ microSD card နဲ့ သိမ်းဆည်းနိုင်မှုကို တပ်တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ 4,500mAh ဖြစ်ပြီး၊ 30W မြန်နှုန်းမြှင့် အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။လက်ဗွေဖတ် အာရုံခံကိရိယာကိုတော့ Sony စမတ်ဖုန်းတို့ ထုံးစံအတိုင်း စမတ်ဖုန်းဘေးဘောင်မှာ ထည့်သွင်းပေးထားပါတယ်။
 
စမတ်ဖုန်းတွေထဲ အကောင်းဆုံး ကင်မရာဖွဲ့စည်းပုံနဲ့ ပွဲထွက်လာတယ်လို့ဆိုရမယ့် Sony Xperia Pro-I ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ သိန်း ၄၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။
 
Damien
အောက်တိုဘာ - ၂၇