【 နည်းပညာ 】 စမတ်ဖုန်းသစ်ရဲ့ ကင်မရာရိုက်ကူးထားပုံများကို Redmi ထုတ်ဖော်ပြသ

【 နည်းပညာ 】 စမတ်ဖုန်းသစ်ရဲ့ ကင်မရာရိုက်ကူးထားပုံများကို Redmi ထုတ်ဖော်ပြသ

ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ Redmi ရဲ့ ဂိမ်းအသားပေး စမတ်ဖုန်းသစ်ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Redmi K50 Gaming Edition ဟာ Redmi အမှတ်တံဆိပ်ရဲ့ ဒုတိယမျိုးဆက် ဂိမ်းအသားပေး စမတ်ဖုန်းအဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

Redmi ဘက်မှ ၎င်းရဲ့ ဂိမ်းအသားပေး စမတ်ဖုန်းသစ်ရဲ့ အချို့သော စွမ်းဆောင်ရည်များကို မိတ်ဆက်မယ့်ရက်မတိုင်မီ ဝေမျှလျက်ရှိနေပါတယ်။ Redmi K50 Gaming Edition စမတ်ဖုန်းသစ်ရဲ့ ကိုယ်ထည်မှာ ဂိမ်းခလုတ်များ ပါဝင်လာဦးမှာဖြစ်ပြီး၊ အပူစွန့်ထုတ်မှု ၄၀ ရာခိုင်နှုန်း ပိုကောင်းလာမှာဖြစ်ပါတယ်။ဒါ့အပြင် Redmi မှ ၎င်းစမတ်ဖုန်းသစ်မှာ တပ်ဆင်ထားတဲ့ ကင်မရာအာရုံခံကိရိယာနဲ့ စမတ်ဖုန်းသစ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကိုလည်း ဝေမျှပေးခဲ့ပါတယ်။

Redmi K50 Gaming Edition စမတ်ဖုန်းသစ်မှာ ကမ္ဘာ‌ကျော် Sony ကုမ္ပဏီရဲ့ 64MP အရည်အသွေး IMX686 ကင်မရာအာရုံခံကိရိယာကို တပ်ဆင်ပေးထားပြီး၊ အဆိုပါအာရုံခံကိရိယာဟာ စွဲမက်ဖွယ်ကောင်းတဲ့ အရည်အသွေးမြင့် ညရှုခင်းဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ Redmi က ကြေညာခဲ့ပါတယ်။ဒါ့အပြင် စမတ်ဖုန်းမျက်နှာပြင်ရဲ့ အလယ်ဗဟိုမှာတော့ punch hole အတွင်းမှာ ဆဲလ်ဖီဓာတ်ပုံနဲ့ ဗီဒီယိုခေါ်ဆိုမှုများအတွက် 20MP အရည်အသွေး Sony IMX596 ကင်မရာ ထည့်သွင်းပါဝင်မှာဖြစ်ပါတယ်။

ထို့အပြင် Redmi K50 Gaming Edition မှာ Anti-flicker အာရုံကိရိယာပါဝင်မှာဖြစ်ပြီး အချိန်နဲ့တပြေးညီ အလင်းများကို ချိန်ညှိပေးမှာဖြစ်တယ်လို့ Redmi က ဆိုထားပါတယ်။

Redmi K50 Gaming Edition မှာ 120Hz refresh rate နည်းပညာပါဝင်ပြီး၊ 480Hz Touch sampling rate ထောက်ပံ့ပေးထားတဲ့ FullHD+ OLED မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။မျက်နှာပြင်ကို အကြမ်းခံနိုင်စေရန်အတွက် Gorilla Glass Victus နည်းပညာနဲ့ ကာကွယ်ပေးထားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Redmi မှ Redmi K50 Gaming Edition စမတ်ဖုန်းသစ်ရဲ့ အဖြူရောင်ကို ထုတ်ဖော်ပြသထားပြီးဖြစ်ပြီး အရောင် သုံးမျိုးထွက်ရှိမယ်လို့ သတင်းများအရ သိရပါတယ်။

Damien
Ref - GSMArena
ဖေဖော်ဝါရီ - ၁၃