【 နည်းပညာ 】 စမတ်ဖုန်းများအတွက် OS အသစ်ကို တီထွင်လိုနေတဲ့ အိန္ဒိယ

【 နည်းပညာ 】 စမတ်ဖုန်းများအတွက် OS အသစ်ကို တီထွင်လိုနေတဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ နည်းပညာပိုင်းနဲ့ပတ်သက်လာရင် ထူးချွန်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုရမှာပါ။

ကမ္ဘာ‌ကျော် နည်းပညာကုမ္ပဏီကြီးတွေမှာလည်း အိန္ဒိယနိုင်ငံသားတွေဟာ အလုပ်ဝင်ရောက် လုပ်ကိုင်လျက်ရှိနေပြီး၊ အိန္ဒိယနိုင်ငံ အစိုးရကလည်း ၎င်းရဲ့နိုင်ငံသားတွေ နည်းပညာပိုင်းမှာ ထူးချွန်အောင် ပံ့ပိုးပေးလျက်ရှိနေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ အိန္ဒိယအစိုးရနဲ့ အိန္ဒိယ အီလက်ထရွန်နစ်နဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနတို့မှ နိုင်ငံတွင်း စမတ်ဖုန်းလည်ပတ်မှုစနစ်ကို တီထွင်ရန် စဉ်းစားနေကြောင်း The Economic Times ရဲ့ ဖော်ပြမှုအရ သိရပါတယ်။တစ်နည်းအားဖြင့်ဆိုရင်တော့ အိန္ဒိယအစိုးရဟာ စမတ်ဖုန်းတွေမှာ မောင်းနှင်ပေးမယ့် ကိုယ်ပိုင် OS အသစ်တစ်ခုကို တီထွင်‌လိုနေတာဖြစ်ပါတယ်။

လက်ရှိ စမတ်ဖုန်းဈေးကွက်မှာတော့ ကမ္ဘာကျော် အထင်ကရ Operating System (OS) နှစ်ခုဖြစ်တဲ့ Apple ရဲ့ iOS နဲ့ Google ရဲ့ Android တို့မှ မင်းမူထားနေတာဖြစ်ပါတယ်။ဒါ့အပြင် တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကလည်း လက်ရှိအချိန်မှာ ၎င်းရဲ့ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS ကို စမတ်ဖုန်းတွေနဲ့ စမတ်တီဗီတွေမှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တာဝန်ရှိသူများဟာ လုပ်ငန်းစဉ်စတင်ရန်အတွက် ကျွမ်းကျင်အဖွဲ့အစည်းများကို ရှာဖွေလျက်ရှိပါတယ်။အီလက်ထရွန်နစ်နဲ့ အိုင်တီ ပြည်ထောင်စုဝန်ကြီး ရာဂျစ်ဗ် ချန်ဒရာဆက်ဟာမှ အခြားသော OS အသစ် တစ်ခု တည်ရှိရန် အခွင့်အရေးရှိနေတာကြောင့် ဖွံ့ဖြိုးတိုးတက်မှု စတင်ရန် မူဝါဒဟာ အလုပ်ဖြစ်နေပြီဟု ဆိုပါတယ်။

စမတ်ဖုန်းများအတွက် ကိုယ်ပိုင် OS ထုတ်လုပ်ချင်တဲ့ စိတ်ကူးကတော့ အိန္ဒိယနိုင်ငံက ပထမဆုံး မဟုတ်ခဲ့ပါဘူး။ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Samsung, Black Berry, Microsoft နဲ့ Palm တို့မှလည်း အသစ်ပြိုင်ဆိုင်နိုင်မယ့် OS အသစ်ကို ထုတ်လုပ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိမှာတော့ အသက်ဝင်နေတဲ့ တစ်ခုတည်းသော OS အသစ်ကတော့ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ရဲ့ HarmonyOS ပဲ ဖြစ်ပါတယ်။

Damien
Ref - GSMArena
ဇန်နဝါရီ - ၂၈