【 နည်းပညာ 】 ကြီးမားသော ဘက်ထရီ၊ မျက်နှာပြင်နဲ့ Tecno စမတ်ဖုန်းသစ်

【 နည်းပညာ 】 ကြီးမားသော ဘက်ထရီ၊ မျက်နှာပြင်နဲ့ Tecno စမတ်ဖုန်းသစ်

Pova series စမတ်ဖုန်းတွေနဲ့ မြန်မာနိုင်ငံတွင်း နာမည်ကျော်လာတဲ့ Tecno ကတော့ စမတ်ဖုန်းသစ်ကို ထပ်မံမိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။
 
Tecno မှ ထုတ်လုပ်မိတ်ဆက်တဲ့ စမတ်ဖုန်းတွေဟာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်မားတာကြောင့် မြန်မာနိုင်ငံတွင်း လူကြိုက်များလျက်ရှိနေတာဖြစ်ပါတယ်။
 
Tecno မှ Pova Neo အမည်ရ စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါပြီ။အရွယ်အစားကြီးမားတဲ့ ၆.၈ လက်မ LCD HD+ resolution မျက်နှာပြင်ကို 120Hz refresh rate နည်းပညာ ပေါင်းစပ်ပေးထားမှုက Pova Neo ကို ရောင်းအားကောင်းစေဦးမှာ အသေအချာပါပဲ။ဘက်ထရီပမာဏကလည်း 6,000mAh အထိ ထည့်သွင်းပေးထားတဲ့အတွက် ဈေးနှုန်းကြီးမြင့်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ဘက်ထရီပမာဏထက်တောင် ပိုမိုများပြားနေတာကို မြင်တွေ့ရပါတယ်။
 
ကင်မရာစွမ်း‌ဆောင်ရည်ကတော့ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းများရဲ့ ထုံးစံအတိုင်း အလယ်လတ်စွမ်းဆောင်ရည်သာဖြစ်ပြီး 13MP အဓိက ကင်မရာကို 2MP portrait ကင်မရာနဲ့ ပေါင်းစပ်ပေးထားပါတယ်။ရှေ့ဘက် 8MP အရည်အသွေးရှိ ကင်မရာကိုတော့ မျက်နှာပြင်ပေါ်ရှိ notch (အကွက်ငယ်) ထဲမှာ ထည့်သွင်းပေးထားပါတယ်။
 
Pova Neo စမတ်ဖုန်းသစ်ကို Helio P22 chipset နဲ့ မောင်းနှင်ပေးထားပြီး မမ်မိုရီပမာဏ 4GB ပါဝင်ကာ သိမ်းဆည်းနိုင်မှုကတော့ 64GB ဖြစ်ပါတယ်။ဒါ့အပြင် သိမ်းဆည်းနိုင်မှုကို microSD နဲ့ လွယ်လင့်တကူ တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ကြီးမားတဲ့ ဘက်ထရီပမာဏကို အားသွင်းရန်အတွက် အချိန်ကြာမြင့်မှုနည်းပါးစေရန် Tecno မှ 18W မြန်နှုန်းမြှင့် အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
 
Tecno Pova Neo စမတ်ဖုန်းကို Android 11 version ကို အခြေခံကာ HiOS 7.6 နဲ့ မောင်းနှင်ပေးထားပါတယ်။
 
Tecno ရဲ့ Pova Neo စမတ်ဖုန်းသစ်ကို အမေရိကန်ဒေါ်လာ ၁၇၅ ကျပ် ဈေးသတ်မှတ်ထားပြီး၊ အနက်ရောင်နဲ့ အပြာရောင် အရောင်နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
 
Damien
ဒီဇင်ဘာ - ၁၀