【 နည်းပညာ 】‌ ကွေးညွတ်စမတ်ဖုန်းများကို တိုးမြှင့်ထုတ်လုပ်သွားမယ့် Samsung

【 နည်းပညာ 】‌ ကွေးညွတ်စမတ်ဖုန်းများကို တိုးမြှင့်ထုတ်လုပ်သွားမယ့် Samsung

The Elec မှ ဖော်ပြမှုအရ ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung အနေနဲ့ လာမယ့်နှစ်မှာ ကွေးညွတ်စမတ်ဖုန်းများကို တိုးမြှင့်ထုတ်လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Samsung အနေနဲ့ Galaxy Z Fold နဲ့ Galaxy Z Flip ကွေးညွတ်စမတ်ဖုန်းတွေကို ပိုမိုတိုးမြှင့်ထုတ်လုပ်သွားဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ထုတ် ကွေးညွတ်စမတ်ဖုန်းမော်ဒယ်လ်တွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ကို Samsung ကုမ္ပဏီဘက်မှ စုစုပေါင်းအလုံးရေ ၇ သန်းအထိ ထုတ်လုပ်သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်မယ့် ကွေးညွတ်စမတ်ဖုန်းမော်ဒယ်လ်တွေကိုတော့ စုစုပေါင်းအလုံးရေ ၉.၈ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ Samsung ကုမ္ပဏီရဲ့ ကွေးညွတ်စမတ်ဖုန်းမော်ဒယ်လ် ၂ မျိုးမှာ ကြီးမားတဲ့ Galaxy Z Fold ထက် သေးငယ်ကျစ်လစ်ပြီး လှပတဲ့ စျေးနှုန်းလည်း အနည်းငယ်ပိုသက်သာတဲ့ Galaxy Z Flip စမတ်ဖုန်းက ပိုမိုလူကြိုက်များလျက်ရှိပါတယ်။

Samsung မှ ကွေးညွတ်စမတ်ဖုန်းတွေဘက်ကို အာရုံစိုက်နေပေမယ့်လည်း အခြားတစ်ဖက်မှာတော့ Galaxy S-series ကလည်း စျေးကွက်ကို ဆက်လက်လွှမ်းမိုးထားနိုင်ဆဲဖြစ်ပါတယ်။ထို့အတွက် Samsung ကုမ္ပဏီမှ Galaxy S-series စမတ်ဖုန်းတွေကို ထုပ်လုပ်မှုတိုးမြှင့်သွားဖွယ်ရှိတယ်လို့ The Elec မှ ဖော်ပြထားပါသေးတယ်။ ၂၀၂၁ ခုနှစ်ထုတ် Galaxy S21 series စမတ်ဖုန်းတွေထက် ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်မယ့် Galaxy S-series စမတ်ဖုန်းတွေဟာ ထုတ်လုပ်မှုအရေအတွက် နှစ်ဆတိုးလာဖွယ်ရှိနေပါတယ်။

Samsung ဘက်မှ ရောင်းအားကောင်းမွန်ပြီး စျေးနှုန်းသင့်တင့်သော Galaxy A-series စမတ်ဖုန်းဘက်ကိုလည်း ဆက်လက်အာရုံစိုက်နေသေးပြီး Galaxy A-series စမတ်ဖုန်းတွေကိုလည်း တိုးမြှင့်ထုတ်လုပ်လာဖွယ်ရှိနေသေးတယ်လို့ The Elec က ဖော်ပြခဲ့ပါသေးတယ်။

Damien
နိုဝင်ဘာ - ၁၅