【 ဆောင်းပါး 】 "ရာသီဥတုသာယာနေခဲ့သည့် ဗီဒီယိုလောက"

【 ဆောင်းပါး 】 "ရာသီဥတုသာယာနေခဲ့သည့် ဗီဒီယိုလောက"

အခုအချိန်မှာတော့ ကျွန်တော်တွေးနေမိတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ရာသီဥတုသာယာခဲ့တဲ့အချိန်ကိုပါပဲ။အခုရောက်ရှိနေတဲ့ ၂၀၂၀ ကျော်ကာလမှာ ဗီဒီယိုလောကကြီးလည်း ပျောက်ဆုံးလုနီးပါးဖြစ်သွားခဲ့ရပြီ။ကျွန်တော်တို့မျှော်လင့်ခဲ့ကြရတဲ့ စာပေလောကကြီးကလည်း ပျက်စီးနေခဲ့ရတာကြာခဲ့ပါပြီ။ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတွေ တစ်အုပ်ပြီး တစ်အုပ် ပြိုလဲသွားခဲ့တယ်။ပွင့်လင်းနေခြည်တောက်ပမလိုဖြစ်ခဲ့တဲ့ ဂျာနယ်တွေ၊ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေတောင် ရပ်တည်နိုင်ဖို့ခက်ခဲနေကြရပြီ။ဘယ်အချိန်ကာလကြမှ ပြန်ကောင်းမွန်တဲ့စာပေလောက ပြန်ဖြစ်လာမယ်ကို ဘယ်သူမှမခန့်မှန်းနိုင်သေးဘူး။

အဲဒီလို တိုင်းပြည်တစ်ခုမှာ အမြဲတည်မြဲနေတတ်တဲ့ အနုပညာစာပေလောကကြီးက မတည်မြဲနိုင်တော့ပဲ ပျက်စီးသွားတာကိုကြည့်လိုက်ရင်။အဲဒီတိုင်းပြည်ရဲ့အခြေအနေကို မြင်တွေ့နိုင်ပါတယ်။

၂၀၁၉/၂၀၂၀ လောက်မှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်မှုမြန်ရောဂါကပ်ဆိုးကြီးကြောင့်လည်းပါပါတယ်။အဲဒီအပြင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆိုးဝါးလှတဲ့ နိုင်ငံရေး (ခေတ်) အခြေအနေတွေကြောင့်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။အခုအချိန်ကာလမှာ စာပေလောက၊ ရုပ်ရှင်ဗီဒီယိုလောကကြီးပါ ရပ်တန့်နေရပါပြီ။အနုပညာတွေပျောက်ဆုံးနေတဲ့ တိုင်းပြည်တစ်ခုအတွက် ပြည်သူတွေရဲ့ အတွေးအခေါ်တွေ၊ အသိပညာတွေလည်း မတိုးတက်လာနိုင်ပါဘူး။

ကျွန်တော်လည်း လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလတွေကို ပြန်တွေးမိနေတာပါ။ချောမောဖြောင့်ဖြူးမှုတွေ သိပ်မရှိသေးတဲ့ ခေတ်ကြီးတစ်ခုမှာ ပေါ်ပေါက်ထွန်းကားလာခဲ့ရတဲ့ ဗီဒီယိုလောကကြီးဟာ အခက်အခဲတွေကြားထဲကပဲ ရာသီဥတုသာယာနေခဲ့ဖူးတယ်။အခုလို မိုးရာသီမတိုင်ခင် နွေကာလကိုရောက်လာရင် အေးမြတဲ့ ပြင်ဦးလွင် (မေမြို့) ကို ဗီဒီယိုလောကသားတွေရောက်နေကြပါပြီ။

နွေရာသီနဲ့ ပြင်ဦးလွင်ဗီဒီယိုရိုက်ကွင်း

အဲဒီလိုအချိန်ကာလမှာ ကျွန်တော်လည်း ဗီဒီယိုလောကသားတစ်ဦးအနေနဲ့ ပြင်ဦးလွင် (မေမြို့) ကို စရောက်ဖူးခဲ့ရတာပါ။ဒါရိုက်တာ နေပိုင် ရိုက်ကူးပြီး သရုပ်ဆောင်မင်းသားကြီး ကျော်ရဲအောင်၊ သရုပ်ဆောင်မင်းသမီး စိုးမြတ်နန္ဒာ၊ သင်ဇာဝင့်ကျော်တို့ ပါဝင်တဲ့ "ရမ္မက်၏စေရာ" ဗီဒီယိုဇာတ်ကားကို ပြင်ဦးလွင်မြို့မှာတက်ရိုက်ခဲ့ကြတယ်။ 'အနုပညာနှလုံးအိမ်' သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ထင်ကျော်လင်းကိုလည်း ဒုတိယသရုပ်ဆောင်မင်းသားအဖြစ် တင်ရိုက်ပေးခဲ့တယ်။အဲဒီ "ရမ္မက်၏စေရာ" ဗီဒီယိုဇာတ်ကားဟာ အောင်မြင်မှုတွေရလိုက်တယ်လို့ ပြောရမှာပါပဲ။

ကိုနိုင် (ကျော်ရဲအောင်) နဲ့ ကျွန်တော်လည်း ပိုရင်းနှီးခင်မင်ခဲ့ရတယ်။ပြောမယ်ဆိုရင် ကျွန်တော်ရေးခဲ့တဲ့ဇာတ်ညွှန်းကို ကိုကျော်ရဲအောင် သဘောကျသွားခဲ့တယ်။နောက်ပြီး "ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရှုတင်မန်နေဂျာဖြစ်တဲ့ ကိုဇော်မိုးထွေးကလည်း ဇာတ်ညွှန်းကို ကြိုက်နှစ်သက်ခဲ့တယ်။ဒါရိုက်တာ နေပိုင်ကတော့ ပြောစရာမလိုတော့ပါဘူး။ကျွန်တော်နဲ့ ကိုနေပိုင် က တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်ခဲ့ကြပြီးပြီ။ပြင်ဦးလွင်က အပြန်ခရီးဟာ ကျွန်တော့်ကိုကျေနပ်မှုတွေပေးခဲ့တယ်။

ကြယ်ကြွေသစ္စာဇာတ်လမ်း အမှတ်တရ

ပြင်ဦးလွင်ကအပြန်မှာ "မာန်ထက်ချီ" ဗီဒီယိုထုပ်လုပ်ရေးကုမ္ပဏီကို ကျွန်တော်ရေးပေးခဲ့တဲ့ ဇာတ်လမ်းအကျဉ်းလေးကို ဗီဒီယိုဇာတ်ကားရိုက်မယ်လို့ ပြောတယ်။ပြင်ဦးလွင်က ပြန်ရောက်ရောက်ချင်း ကျွန်တော်ဇာတ်ညွှန်းရေးရတော့တယ်။ကျွန်တော်ရေးပေးခဲ့တဲ့ဇာတ်လမ်းအမည်က "ကြယ်ကြွေသစ္စာ"။

အဲဒီ "ကြယ်ကြွေသစ္စာ" ဇာတ်ကားကို 'မာန်ထက်ချီ' ကုမ္ပဏီ ပင်တိုင်မင်းသားဖြစ်တဲ့ 'ဟိန်းဝေယံ' နဲ့ အဓိကသရုပ်ဆောင်မင်းသမီး 'အိန္ဒြာကျော်ဇင်' တို့နဲ့ ရိုက်ကူးခဲ့ကြတယ်။ဒုတိယသရုပ်ဆောင်မင်းသား မဟုတ်ပေမယ့် အဓိကသရုပ်ဆောင်ရမယ့်နေရာမှာ 'ထင်ကျော်လင်း' ကို ထည့်ပေးခဲ့တယ်။ဟိန်းဝေယံ၊ သတ္တိ၊ အိန္ဒြာကျော်ဇင်၊ ထင်ကျော်လင်းနဲ့ စိုးမိုးသဇင်တို့က ငယ်သူငယ်ချင်းငါးယောက်ပေါ့။

"မာန်ထက်ချီ" ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီမှာ အဓိကစီစဉ်သူကတော့ 'ဟိန်းဝေယံ' မိခင် ဒေါ်စန်းစန်းဝင်းပါ။ကျွန်တော်ရေးတဲ့ "ကြယ်ကြွေသစ္စာ" ဇာတ်လမ်းက ဇာတ်သိမ်းခန်းမှာ အဓိကသရုပ်ဆောင်မင်းသားက ဦးနှောက်ကင်ဆာရောဂါနဲ့သေသွားတယ်။အဲဒီလို ဦးနှောက်ကင်ဆာရောဂါနဲ့ ဘဝမှာသိပ်ကြာကြာမနေရတော့ဘူးလို့ သိသွားတဲ့အချိန်မှာ မသေခင် လူတွေကိုအတတ်နိုင်ဆုံးကူညီပေးသွားမယ်လို့ မင်းသားကဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် မာန်ထက်ချီကုမ္ပဏီပိုင် ဒေါ်စန်းစန်းဝင်း ချမှတ်ထားတဲ့မူနဲ့ မကိုက်ညီဘူးဖြစ်နေတယ်။မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင်လည်းဖြစ်တဲ့ မင်းသား ဟိန်းဝေယံရဲ့ မိခင်လည်းဖြစ်တဲ့ ဒေါ်စန်းစန်းဝင်းနဲ့ ကျွန်တော်အတော်ညှိယူခဲ့ရတယ်။မာန်ထက်ချီရဲ့မူက မင်းသားကချမ်းသာရမယ်၊ ဆရာဝန်လို ပညာတတ်ဖြစ်နေရမယ်။ဇာတ်လမ်းထဲမှာ မသေဆုံးရဘူး။ကျွန်တော်လည်း သူတို့ချမှတ်ထားတဲ့မူအတိုင်း လိုက်လျောပေးခဲ့ရတယ်။

အမှန်တကယ်ပြောရရင် သရုပ်ဆောင်မင်းသား ဟိန်းဝေယံအနေနဲ့ ဘဝမျိုးစုံကို သရုပ်ဆောင်နိုင်ပါတယ်။ကျွန်တော်တွေးခဲ့မိတာက သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေဟာ ဘဝမျိုးစုံကို သရုပ်ဆောင်နိုင်မှ အောင်မြင်မှုရနိုင်တယ်ဆိုတာပါ။သရုပ်ဆောင် ဟိန်းဝေယံ က တော်တော်ချောတဲ့ မင်းသားတစ်ယောက်။အရပ်အမောင်းလဲကောင်းတယ်။ဆက်ဆံရေးလည်းကောင်းမွန်တယ်။မာနလည်းမရှိဘူး။ဒါပေမယ့် မိခင်စကားကိုနားထောင်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်နေတာက ခက်နေတယ်။ဘာပဲဖြစ်ဖြစ် ဒါရိုက်တာ နေပိုင် ရိုက်ကူးပေးတဲ့ "ကြယ်ကြွေသစ္စာ" ဗီဒီယိုဇာတ်ကား အောင်မြင်ခဲ့တယ်။

လူပျိုကြီး၏ဖူးစာအလွဲဇာတ်ကားကပေးခဲ့တဲ့ ပညာတစ်ရပ်

"ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးမန်နေဂျာ ကိုဇော်မိုးထွေး က ကျွန်တော့်ကိုဖုန်းဆက်ခေါ်ပြီး စာရေးဆရာမ ခင်ဦးခင်ခင် ရေးထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ပေးတယ်။ကိုနိုင် (ကျော်ရဲအောင်) နဲ့ ရိုက်ဖို့တဲ့။သူပြောတဲ့ရိုက်ရက်ကကပ်နေပြီ။ကိုဇော်မိုးထွေး က "ကိုမြတ်လှိုင်း က ရိုက်ရင်း ရိုက်မယ့်အခန်းတွေရွေးပြီး ဇာတ်ညွှန်းရေးသွားလို့ရပါတယ်" လို့ ပြောတယ်။အဲဒီမှာဇာတ်ညွှန်းရေးဖို့ ပညာတစ်ခုရလိုက်တယ်။ဇာတ်လမ်းစဉ်ရေးပြီးရင်ရပြီဆိုတော့ ကျွန်တော်လည်း ဝတ္ထုစာအုပ်ယူပြီး ပြန်လာခဲ့တယ်။ဒါရိုက်တာက ထုံးစံအတိုင်း ကိုနေပိုင်ပေါ့။အဓိကမင်း သမီးကလည်း စိုးမြတ်နန္ဒာ။နောက် အရန်မင်းသမီးသုံးယောက်ပါသေးတယ်။ကိုနေပိုင်နဲ့ တိုင်ပင်ပြီး အရန်မင်းသမီးသုံးယောက်ထဲမှာ ဝတ်ရည်ကေခိုင် ကို ထည့်ပေးလိုက်တယ်။ပြောမယ်ဆိုရင် "အနုပညာနှလုံးအိမ်" သင်တန်းဆင်းထဲမှာ ထင်ကျော်လင်းနဲ့ ဝတ်ရည်ကေခိုင်တို့ နှစ်ယောက်က အလားအလာရှိတယ်။မင်းရဲစည်သူနဲ့အေးချမ်းမိုး (ဂရိတ်ချမ်း) တို့က သရုပ်ဆောင်နိုင်ပေမယ့် အဓိကသရုပ်ဆောင်မင်းသား၊ မင်းသမီး မဖြစ်နိုင်သေးဘူး။

ခရေဖြူဗီဒီယိုထုတ်လုပ်ရေးမှာလည်း အဓိကမန်နေဂျာက ကိုဇော်မိုးထွေး ဖြစ်နေပေမယ့်၊ ကိုတင်မောင်ဆွေ (ကိုဆွေ) နဲ့လည်း ခင်တယ်။အခု ကိုနိုင် (ကျော်ရဲအောင်) နဲ့ ရိုက်မယ့် ဇာတ်ကားက ဘဝဟာသဇာတ်လမ်းတစ်ခု။မင်းသား ကျော်ရဲအောင်၊ မင်းသမီး စိုးမြတ်နန္ဒာ၊ သီရိရှင်းသန့်၊ ဝတ်ရည်ကေခိုင်၊ နိုနိုတို့နဲ့ ရိုက်ဖြစ်ခဲ့တယ်။ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ကိုပြည့်ဝ ရိုက်ကွင်းမှာ ခင်ခဲ့ရတဲ့ ဟာသသရုပ်ဆောင် နေလင်း ပါလာတယ်။နောက် ဟာသသရုပ်ဆောင် ငှက်ပျောကြော် ပါလာတယ်။ငှက်ပျောကြော် က မအူပင်ဇာတိတဲ့။မအူပင်မှာမွေးခဲ့ပေမယ့် ရန်ကုန်မှာကြီးပြင်းလာခဲ့သူ။ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ဇာတိချင်းတူနေတော့ ပိုခင်မင် ပိုတွဲသောက်ဖြစ်သွားတယ်။

ဟာသသရုပ်ဆောင် ငှက်ပျောကြော်နဲ့ သောက်ဖော်သောက်ဖက်ဖြစ်သွားရခြင်း

အဲဒီ ဗီဒီယိုရိုက်ကွင်းထဲမှာ ကျွန်တော်တို့အပျော်ဆုံးကာလလေးတစ်ခုဖြစ်ခဲ့တယ်။နောက်ပိုင်းမှာ ဟာသရုပ်ဆောင် နေလင်းနဲ့ အမြဲမသောက်ဖြစ်ပေမယ့် ကိုနေပိုင်၊ ကိုငှက်ပျောကြော်တို့က ညနေတိုင်းသောက်ဖြစ်နေကြတယ်။ဗိုလ်စိန်လမ်းက 'ဟောလီးဒေး' စားသောက်ဆိုင်ဟာ ကျွန်တော်တို့ညနေတိုင်းဆုံတွေ့တတ်တဲ့ နေရာတစ်ခုပါပဲ။ကိုနိုင် (ကျော်ရဲအောင်) ကတော့ အရက်မသောက်တတ်ပါဘူး။နောက်ပြီး သူက သုဝဏ္ဏအားကစားရုံနဲ့ကပ်လျက်က ဟိုတယ်တစ်ခုမှာ အခန်းတစ်ခန်းယူပြီးနေတယ်။အဲဒီဟိုတယ်ကိုလည်း ကျွန်တော်မကြာခဏရောက်တတ်တယ်။

နောက်ဒါရိုက်တာတစ်ယောက်နဲ့ ခင်မင်ခဲ့ရတယ်။သူက (ဦး) သိန်းဟန် (ဖီးနစ်) ပေါ့။ 'ခရေဖြူ' ဗီဒီယိုထုတ်လုပ်ရေးက မန်နေဂျာ ကိုဆွေ (တင်မောင်ဆွေ) က ညွှန်းလိုက်တာပါ။ကိုသိန်းဟန် က သူ့အိမ်လာခဲ့ပေးပါလို့ ကျွန်တော့်ကိုဖုန်းဆက်တယ်။အဲဒါနဲ့ သူနေတဲ့ လသာမြို့နယ်က ၁၉ လမ်းကို ကျွန်တော်သွားခဲ့တယ်။သူရိုက်နေတဲ့ ဗီဒီယိုဇာတ်ကားတွေအတွက် ဇာတ်ညွှန်းရေးပေးပါတဲ့။ဒါရိုက်တာ ကိုနေပိုင်နဲ့ အမြဲဇာတ်ညွှန်းရေးနေပေမယ့် ရိုက်ကွင်းမရှိတဲ့ရက်တွေလည်းရှိနေတယ်လေ။ "ဟုတ်ကဲ့၊ ကျွန်တော်ရေးပေးပါ့မယ်" လို့ ပြန်ပြောလိုက်တယ်။

လူပျော်ကြီးတစ်ယောက်နဲ့ ရာသီဥတုသာယာတဲ့နေ့ရက်များ

ကိုသိန်းဟန် အမျိုးသမီး မသဇင် က ကျွန်တော့်ကိုဝတ္ထုတစ်အုပ်ပေးတယ်။စာရေးဆရာမ 'ဆုမြတ်မွန်မွန်' ရေးတဲ့ အချစ်လုံးချင်းဝတ္ထု။ကိုသိန်းဟန် က "ကိုနေတိုးနဲ့ရိုက်မှာ၊ မင်းသမီးကတော့ ဝတ်မှုံရွှေရည်ပေါ့" တဲ့။ပြီးတော့ 'ဖီးနစ်' ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကိုသိန်းဟန် ပိုင်တယ်။ငွေတော့ချမ်းသာပုံရတယ်။စကားပြောရင်းသိလိုက်တာက သူတို့လင်မယားနှစ်ယောက်လုံး သဘောကောင်းကြတယ်။မသဇင် က ဇာတ်ညွှန်းရေးခ စရံငွေပါတစ်ခါထဲပေးလိုက်တယ်။ဝတ္ထုအမည်က "အချစ်နှင့်အနီးတစ်ဝိုက်တွင် ယနေ့ရာသီဥတုသာယာမည်" ဆိုပဲ။

ညနေ ကျွန်တော်တို့ဆုံနေကြ 'ဟောလီးဒေး' စားသောက်ဆိုင်မှာဆုံကြတော့ ဦးသိန်းဟန် က ကျွန်တော့်ကို ဇာတ်ညွှန်းအပ်လိုက်ကြောင်း ပြောပြဖြစ်တယ်။ကိုနေပိုင်ရော၊ ကိုငှက်ပျောကြော်တို့ပါ ကျွန်တော့်အတွက်ဝမ်းသာနေကြတယ်။ "အဲဒီ ဦးသိန်းဟန် က အရမ်းသဘောကောင်းတဲ့လူကြီး" လို့ ကိုငှက်ပျောကြော် က ပြောတယ်။နောက်ပိုင်းမှာ ကိုသိန်းဟန်အကြောင်းကို ပိုသိလိုက်ရတယ်။ရိုက်ကွင်းရောက်ပြီး ဇာတ်လမ်းထဲမှာရယ်စရာပါရင် 'တဟားဟား' နဲ့ အားရပါးရရယ်နေတတ်တဲ့လူ။

ပြောရမယ်ဆိုရင် အဲဒီကာလတွေဟာ ကျွန်တော့်အတွက် ရာသီဥတုသာယာနေတဲ့အချိန်တွေပေါ့။လမ်းကြီးက ချောမွေ့ဖြောင်ဖြူးနေတဲ့လမ်းကြီးတော့ မဟုတ်သေးပါဘူး။ခေတ်ကြီးကလည်း ကြမ်းတမ်းနေတဲ့လမ်းမှာ ရာသီဥတုသာယာစပြုတဲ့ အချိန်ကာလပါ။အခုကာလမှာတော့ ရာသီဥတုသာယာတဲ့နေ့တွေ ပျောက်ဆုံးနေသလိုပါပဲ။ကျွန်တော်တွေးလိုက်မိတာက ကျွန်တော် အင်းစိန်ထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့လိုက်ရတဲ့ကာလလေးပါ။ဘာပဲပြောပြော ထောင်ကျနေပေမယ့် အင်းစိန်ထောင်ထဲမှာ လွတ်လပ်မှုတွေရှိခဲ့တယ်။မြင်းခြံထောင်ကိုရောက်တဲ့အချိန်ကစပြီး ကြမ်းတမ်းရက်စက်မှုတွေ၊ ပိုပြီးကြပ်တည်းမှုတွေ ကြုံတွေ့နေရတော့တယ်။အဲဒီအချိန်မှာ ထောင်ထဲကမလွတ်ရင်နေပါစေ၊ အင်းစိန်ထောင်ကို ပြန်ရောက်ချင်စိတ်ဖြစ်မိတယ်။ဒါပေမယ့်၊ တချိန်မှာတော့ အလွန်ကြမ်းတမ်းရက်စက်မှုတွေပြည့်နေတဲ့မြင်းခြံထောင်ထဲကလွတ်လာခဲ့တယ်။
    
အဲဒီလိုပဲ။အခုရာသီဥတုသာယာတဲ့နေ့တွေ ပျောက်ဆုံးနေပေမယ့်၊ တချိန်မှာတော့ ရာသီဥတုသာယာတဲ့နေ့တွေရောက်လာမှာပါ။အဲဒီအချိန်မှာတော့ "အချစ်နှင့်အနီးတစ်ဝိုက်တွင် ယနေ့ရာသီဥတုသာယာမည်" ပေါ့။

မြတ်လှိုင်း
ဩဂုတ် - ၁