【 ဆောင်းပါး 】အောင်မြင်မှုနှင့်စွန့်လွှတ်ခြင်း

【 ဆောင်းပါး  】အောင်မြင်မှုနှင့်စွန့်လွှတ်ခြင်း 

ဘဝတွေမှာ အောင်မြင်မှုကို ရရှိလိုကြတာပါပဲ။ အောင်မြင်မှုကိုရဖို့အတွက် ဇွဲလုံ့လဝီရိယ၊စွန့်စားမှု၊အချိန်၊ကြိုးစားမှုစတာတွေနဲ့ စွန့်လွှတ်ခြင်းတွေ ပေးဆပ်ကြရပါတယ်။အဲဒီအထဲမှာ စွန့်စားမှုနဲ့စွန့်လွှတ်မှု လိုအပ်နေပါတယ်။ မစွန့်စားပဲနဲ့လည်း အောင်မြင်မှုတွေ ရတတ်သလို၊မစွန့်လွှတ်ပဲနဲ့လည်း အောင်မြင်မှုရတတ်ပါတယ်။အကျိုးအကြောင်းတွေပေါ်မူတည်နေတတ်သလို၊ကံကောင်းခြင်းအပေါ်မှာလည်း မူတည်နေပါတယ်။

ဒီလိုပိုပြီးအောင်မြင်ဖို့အတွက် ကိုယ်ဖန်တီးယူလို့ရနိုင်သလို၊ တချို့အောင်မြင်မှုလမ်းစတွေကတော့ ကိုယ်ဖန်တီးလို့မရတတ်တာတွေရှိနေပါတယ်။ အခြေအနေအကြောင်းအရာတွေ တိုက်ဆိုင်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့အခွင့်အရေးကို မိအောင်ဆုပ်ကိုင်လိုက်မိဖို့ အရေးပါတယ်။

ကျွန်တော်အရင်အပတ်က ရေးခဲ့သလို၊နေမျိုးအောင်၊မိုးယုစံ၊ငှက်ပျော်ကြော်၊ကိုဘဂျမ်းတို့နဲ့ ဗီဒီယိုဇာတ်ကားရိုက်နေတဲ့အချိန်မှာ ခရမ်းပြာဗီဒီယိုထုပ်လုပ်ရေးမန်နေဂျာကိုဇော်မိုးထွေးဖုန်းပြီးတော့ ကိုကျော်ရဲအောင်ကားအတွက် ဇာတ်ညွှန်းရေးခိုင်းတယ်။ ရိုက်မယ့်ရက်ကလည်း သဘက်ခါတဲ့။မနက်ဖြန်မှာ ဇာတ်လမ်းအခန်းစဉ်အပြီးရေးရမယ်။ဇာတ်ညွှန်းကတော့ တစ်ရက်စာချင်းရေးပေးရင်ရတယ်။ဒီအတွက်က သိပ်ပူစရာမလိုပါဘူး။ခါတိုင်းလည်းရိုက်ရင်းရေးနေကျပဲ။ဒါပေမယ့် အခုတော့နည်းနည်းစိတ်ပူမိတယ်။တစ်ပြိုက်နက်ထဲ နှစ်ကားပြိုင်တူရေးရမှာ ဆိုတော့။ကိုနေပိုင်ကို လှမ်းမေးကြည့်လိုက်တော့”ကိုမြတ်လှိုင်းရေးနိုင်ရင်ရေးပေါ့ဗျာ”တဲ့။ မျက်နှာကတော့ သိပ်မကြည်လင်တဲ့ပုံ။” ဘဲကြီးနော်၊ဟိုကားမှာ ကိုနိုင်ကြီးအလိုက် သူကြိုက်တဲ့စာတွေပဲရေးပေးမနေနဲ့၊ဒီကားမှာကျုပ်ပြောတဲ့ဒိုင်ယာလော့တွေအားရတယ်။နှစ်ကားပြိုင်တူရေးရတော့ လျှော့မသွားစေနဲ့နော်”လို့ နေမျိုးအောင်ကပြောသလို၊ ကိုငှက်ပျောကြော်ကလည်း"ဟုတ်တယ်ကိုမြတ်ရေ။ဒီကားမှာဒိုင်ယာလော့တွေ ဘဝတွေပါပြီးလေးနက်တယ်”ဆိုပြီးပြောပါတယ်။

တစ်ဖက်ကလည်း အရင်းနှီးဆုံးလူတွေဖြစ်နေတယ်။ရရှိလာတဲ့အခွင့်အရေးတစ်ခုကို လက်လွှတ်လိုက်ရမလား။ ဆုပ်ကိုင်လိုက်ရမလားဆိုတာ ကျွန်တော့်ရဲ့ရွေးချယ်ဆုံးဖြတ်မှုတစ်ခုပါ။ နည်းနည်းတော့ စွန့်စားရမယ်ဆိုတာလည်း သိပါတယ်။နောက်ပြီးဘာတွေ စွန့်လွှတ်ရမလဲဆိုတာတော့ မသိသေးပါဘူး။

မထင်ရက်စရာဇာတ်လမ်းတစ်ပုဒ်

ဆုမြတ်မွန်မွန်ရေးထားတဲ့အချစ်ဝတ္ထုတစ်ပုဒ်ပါ။ ဇာတ်လမ်းကတော့သိပ်မဆန်းပါဘူး။ ဒီဇာတ်လမ်းမှာကျော်ရဲအောင်နဲ့အိချောပိုက အဓိကကျပါတယ်။ စိုးမြတ်နန္ဒာနဲ့ပိုင်ဇေရဲထွန်းတို့က ဇာတ်ပို့တွေအဖြစ်လောက်သာ ပါခဲ့ကြတာပါ။ကျော်ရဲအောင်နဲ့စိုးမြတ်နန္ဒာတို့က လင်မယားပါ။ဒါပေမယ့် သမီးလေးမမွေးဖွားခင် ကွဲသွားခဲ့တယ်။ တကယ်ဆိုကျော်ရဲအောင်အနေနဲ့ သမီးရှိနေမှန်းတောင် မသိခဲ့ဘူး။ စိုးမြတ်နန္ဒာကလည်း သမီးလေး(အိချောပို)အသက်ပြည့်မှ ဖွင့်ပြောခဲ့တယ်။ စိုးမြတ်နန္ဒာတို့က နယ်မြို့လေးမှာနေတယ်။

အဲဒီအချိန်မှာ ကျော်ရဲအောင်က ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးကြီး တစ်ယောက်ဖြစ်နေတယ်။ အိချောပိုက ရန်ကုန်မြို့ကို တက်လာခဲ့တယ်။ရန်ကုန်အဆောင်မှာ နေရင်းကွန်ပျူတာသင်တန်းတွေတက်တယ်။ စာရင်းအင်းသန်တန်းလဲတက်တယ်။ လိုအပ်တဲ့သင်တန်းတွေကိုတက်ပြီးမှ ကျော်ရဲအောင်ရဲ့ကုမ္ပဏီမှာ ကိုယ်ရေးအတွင်းရေးမှူးနေရာဝင်လျှောက်တယ်။သူ့အဖေမှန်းမသိအောင်နေပြီး အလုပ်ကြိုးစားပြတယ်။ကျော်ရဲအောင်ကလည်း အိချောပိုရဲ့သွက်လက်ထက်မြက်မှု၊လိမ္မာပါးနပ်မှုတွေကို သဘောကျတယ်။ကျော်ရဲအောင်သွားလေရာ ခေါ်သွားတတ်တယ်။အမှန်တကယ်တော့ ကျော်ရဲအောင်စိတ်ထဲမှာအိချောပိုက သူ့သမီးတစ်ယောက်လိုပါပဲ။

ပိုင်ဇေရဲထွန်းနဲ့အိချောပိုက သူငယ်ချင်းတွေ။ပိုင်ဇေရဲထွန်းက အိချောပိုကိုချစ်ကြောင်းဖွင့်ပြောထားတယ်။အိချောပိုက အဖြေပြန်မပေးသေးဘူး။ ပုံမှန်ဆက်ဆံနေကြတယ်။နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကရော ပိုင်ဇေရဲထွန်းကပါ အထင်လွဲခဲ့ကြတယ်။အိချောပိုက ဘာမှမပြောပြခဲ့သလို၊ဘာမှလည်းမရှင်းပြခဲ့ဘူး။ပိုင်ဇေရဲထွန်းက သံသယနဲ့စွပ်စွဲတဲ့အထိ ဖြစ်ခဲ့တယ်။

တစ်နေ့မှာအိချောပိုဖုန်းဆက်နေတာကို ကျော်ရဲအောင်မထင်မှတ်ပဲ ကြားသွားခဲ့တယ်။အိချောပိုက သူ့အမေစိုးမြတ်နန္ဒာဆီ ဆက်တာပါ။သူ့ဘဝသူအောင်မြင်အောင် ကြိုး စားမယ်။ဖခင်ရဲ့အရှိန်အဝါကို သုံးပြီးမှရတဲ့အောင်မြင်မှုကို မလိုလားဘူးဆိုတဲ့အကြောင်း မိခင်ကိုပြောပြနေတယ်။အဲဒီစကားကြောင့် ကျော်ရဲအောင်လည်း သံသယစိတ်ဝင်သွားတယ်။အိချောပို နောက်ကြောင်းကို တိတ်တိတ်လေးစုံစမ်းနေခဲ့တယ်။နောက်ပိုင်းမှာတော့ မြန်မာ၀တ္ထုတွေ၊ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ကျော်ရဲအောင်နဲ့စိုးမြတ်နန္ဒာတို့ ပြန်တွေ့ပြီး ပေါင်းဆုံကြတယ်ပေါ့။

ဒီ”မထင်ရက်စရာ”မှာ အထူးခြားဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်ခဲ့တာက အိချောပိုပါပဲ။ ကျွန်တော့်စိတ်ထဲမှ အခုထက်ပိုအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာလိမ့်မယ်။သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းတွေ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။အဲဒီ”မထင်ရက်စရာ” ဇာတ်ကားကို ရိုက်ကွင်းမှာထိုင်ပြီး ဇာတ်ညွှန်းရေးပေးခဲ့တာပါ။ကျွန်တော်ဇာတ်ညွှန်းရေးနေတဲ့ စားပွဲကို အိချောပိုရောက်လာပြီး”ဦးဇာတ်ညွှန်းရေးနေတာလား၊ဦးဇာတ်ညွှန်းတွေကထူးခြားတယ်။ပြောရတာအားရတယ်။အခုမှဦးရေးတဲ့ဇာတ်ညွှန်းတွေကို (ဦးနိုင်)ကျော်ရဲအောင်တို့ ဘာကြောင့်ကြိုက်လဲဆိုတာ သိတော့တယ်”။”ဦးလဲဒီကားမှာ သမီးသရုပ်ဆောင်တာအားရတယ်။သမီးကဒီထက်ပိုအောင်မြင်လာဦးမှာပါ”။”ဟုတ်ကဲ့ပါဦး၊သမီးကြိုးစားပါမယ်။

ကျွန်တော်ကညဖက်မှာနေပိုင်ရိုက်ကူးနေတဲ့ နေမျိုးအောင်ဇာတ်ကား”အမုန်းဏ်”ဇာတ်ညွှန်းကိုတစ်ရက်စာရေးပြီး။မနက်ရိုက်ကွင်းကိုသွားပေးခဲ့တယ်။အဲဒီလိုတစ်ရက်စာဇာတ်ညွှန်းပေးပြီးတော့မှ ကိုကျော်ရဲအောင်ရိုက်ကွင်းကို သွားခဲ့ရတယ်။”မထင်ရက်စရာ” ဇာတ်ကားက ကိုစိုးကျော်ဆန်းဒါရိုက်တာအဖြစ် ရိုက်နေတဲ့ကားပါ။ကိုစိုးကျော်ဆန်းက ဒါရိုက်တာကြီးဦးထွန်းအောင်ဇော်ရဲ့တပည့်။ ဦးထွန်းအောင်ဇော်ရိုက်တဲ့ကားတွေမှာ ကိုမြင့်ဆောင်နဲ့တွဲပြီး ဇာတ်ညွှန်းရေးပေးနေတယ်။ဝါရင့်ဇာတ်ညွှန်းရေးဆရာတစ်ယောက်လည်းဖြစ်တယ်။

ဇာတ်ညွှန်းနဲ့အကယ်ဒမီရသွားတယ်။ကျွန်တော်ထင်တာကတော့ ကိုစိုးကျော်ဆန်းက ဒါရိုက်တာနဲ့ဇာတ်ညွှန်းခွဲခြားလုပ်ချင်ပုံရတယ်။ ဒါဆိုသူလုပ်တဲ့အလုပ်အပေါ်မှာ ပိုကောင်းစေချင်တဲ့စေတနာပေါ့။တချို့ဒါရိုက်တာတွေက ဒါရိုက်တာလည်းလုပ်မယ်၊ဇာတ်လမ်းဇာတ်ညွှန်းပါသူပဲ ရေးမယ်ဆိုပြီး။ဗီဒီယိုဇာတ်ကား တစ်ကားနဲ့နှစ်သီးစား၊သုံးသီးစား ရသလောက်ယူကြတယ်။ငွေကြေးလောဘတက်ရင်လည်း အနုပညာမအောင်မြင်နိုင်ပါဘူး။တချို့ဒါရိုက်တာတွေက ငွေနောက်လိုက်ပြီး အလုပ်ဖြစ်ရင်ပြီးရော သဘောထားတတ် တာတွေလည်းရှိနေပါတယ်။

ကျွန်တော်ကတော့ တပြိုင်ထဲဇာတ်ညွှန်းနှစ်ခုရေးခဲ့ရတာ ဘယ်လိုမှရှောင်လွှဲမရတဲ့ အခြေအနေကြောင့်ပါ။နေ့ဖက်ရိုက်ကွင်းမှာရေးရတော့ ညဖက်အိမ်မှာတစ်ကားရေးဖို့ညနေတိုင်းသောက်နေကျ ကိုနေပိုင်တို့နဲ့ မသောက်နိုင်တော့ပါဘူး။ကိုနေပိုင်ကလည်း ကျွန်တော်မပါရင် မသောင်ချင်ဘူးဆိုတာပြောဖူးတယ်လေ။ အခုလိုအခြေအနေမှာတော့ ပုံမှန်လုပ်နေကျအခြေအနေတစ်ခုကို စွန့်လွှတ်ထားလိုက်ရတယ်။

ခွဲခွာမဟုတ်သောမဆုံတွေ့ခြင်းကာလ

ပိုဆိုးတဲ့အခြေအနေက ဖြစ်လာခဲ့တယ်။ရွှေစင်ဦးဗီဒီယိုထုတ်လုပ်ရေးက ဇာတ်ကားတစ်ကား ဇာတ်ညွှန်းရေးပေးပါတဲ့။ဒါရိုက်တာကနေပိုင်မဟုတ်ဘူး။ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ရိုက်မယ်တဲ့။ဒါရိုက်တာဝင်းထွန်းထွန်းကလည်း သူနဲ့ဇာတ်ညွှန်းရေးနေတဲ့ အစ်ကိုမြင့်ဦးဦးမြင့်တို့နဲ့ ပတ်သက်ပြီးခင်မင်ရင်းနှီးနေတဲ့သူ။ နောက်ဝတ္ထုကကျွန်တော့်သူငယ်ချင်း မောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ဝတ္ထု။ အရင်ဖတ်စကတည်းကြိုက်ခဲ့တယ်။သရုပ်ဆောင်နေမင်းနဲ့မိုးဟေကိုဆိုတော့ ဇာတ်ညွှန်းကိုအလေးအနက်ထားပြီး ရေးရမယ်။အဲဒီအချိန်မှာပဲ ဒါရိုက်တာ(ဦး)သိန်းဟန်(ဖီးနစ်)ရိုက်မယ့် ဇာတ်ကားအတွက်လည်း ဇာတ်ညွှန်းရေးပေးရမယ်။ဒါရိုက်တာ(ဦး)သိန်းဟန်ဖီးနစ်ကတော့ ထုံးစံအတိုင်းဖြိုးငွေစိုး၊ခိုင်နှင်းကြည်တို့နဲ့ ဟာသဇာတ်လမ်းရိုက်မှာပါ။

ကောင်းကင်ကြိုး

အရင်ကားနှစ်ကားလိုပဲ ကိုဝင်းထွန်းထွန်းရိုက်မယ့်ကားကို အိမ်မှာညဖက်ရေးးပြီး၊ဒါရိုက်တာ(ဦး)သိန်းဟန်ဖီးနစ်ကားကိုတော့ ရိုက်ကွင်းမှာထိုင်ရေးမယ်။ဒါဆိုဗီဒီယိုဇာတ်ကားနှစ်ကား တစ်ပြိုင်ထဲပြီးသွားမယ်။အဲဒီလို ဗီဒီယိုကားနှစ်ကား တပြိုင်ထဲပြီးအောင်ရေးရတော့ ညဖက်လည်းအရက်မသောက်ဖြစ်တော့ဘူး။ နောက်နေ့ရှုတင်သွားရင်လည်း လန်းလန်းဆန်းဆန်းရှိနေတယ်။ကျွန်တော်သိလိုက်တာက ပိုအောင်မြင်ဖို့အတွက် တစ်ခုကိုစွန့်လွှတ်လိုက်ရတယ် ဆိုတာပါပဲ။ညနေတိုင်းကိုနေပိုင်တို့နဲ့ အရက်ဝိုင်းထိုင်တတ်တဲ့အကျင့်ကို ဖျောက်လိုက်ရတယ်။ကိုနေပိုင်နဲ့လည်း တဖြေးဖြေးပိုဝေးကွာသွားခဲ့တယ်။

မြတ်လှိုင်း